အလင်းဝင်နှင့် စစ်သုံ့ပန်း ဖမ်းဆီးရမိမှု တစ်ပတ်အတွင်း ၅၅ ဦးရှိ

ဓာတ်ပုံ-MOD
ပုံစာ- စက်တင်ဘာလအတွင်း ကနီတွင် ဖမ်းဆီးမိသော စစ်သုံ့ပန်းများ

တစ်ပတ်တာအတွင်း အလင်းဝင်နှင့် စစ်သုံ့ပန်းဖမ်းဆီးရမိမှု စုစုပေါင်း ၅၅ဦးရှိကြောင်း ပြည်သူ့ပန်းတိုင်က ယနေ့ည(အောက်တိုဘာ၁၃ရက်) သတင်းထုတ်ပြန်သည်။

အောက်တိုဘာပထမပတ်အတွင်း အလင်းဝင်လာသူ၁၅ဦးနှင့် စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးမိသူ အယောက်၄၀ရှိပြီး အလင်းဝင်၁၅ဦးထဲ၌ စစ်သား၁၄ဦးနှင့် ရဲ၁ဦးတို့ပါဝင်ကာ အလင်းဝင်စစ်သား များအနက် ၁၀ဦးမှာ စစ်မှုထမ်းတပ်သားသစ်များဖြစ်ကြောင်း ပြည်သူ့ပန်းတိုင်က ဆိုသည်။

“အခုဆိုရင် အပတ်စဉ်၁၅(စစ်မှုထမ်းအပတ်စဉ်၁၅) သင်တန်းဆင်းပြီဆိုတော့ စစ်မှုထမ်းတပ်သား တွေ ၇၅၀၀၀ ရှိပြီ။ရှေ့တန်းမှာ လူသားဒိုင်းအဖြစ်နဲ့ ပစ(စစ်မှုထမ်းတပ်သား)တွေကို အသုံးချနေ တော့ သေတာလည်း တော်တော်များလောက်ပြီ။အလင်းဝင်တဲ့အရေအတွက်ကတော့ တော်တော် နည်းသေးတယ်”ဟု နယ်စပ်ဒေသအခြေစိုက် CDMအရာရှိတစ်ဦးက MPAသို့ပြောသည်။

တစ်ပတ်တာ ဖမ်းဆီးမိသောစစ်သုံ့ပန်းများထဲတွင် စစ်သား၃၁ဦးနှင့် ပြည်သူ့စစ်၉ဦးတို့ ပါဝင်ကြောင်း သိရသည်။

“အမှန်တရားကို သိမြင်နိုင်တဲ့ အသိဉာဏ်နဲ့ ကိုယ်ချင်းစာတတ်တဲ့ နှလုံးသား ရှိကြသေးတယ်ဆိုရင် ဖြင့် ပြည်သူ့ဘက် ပူးပေါင်းကြဖို့ အချိန်တန်လွန်းနေပါပြီ”ဟု ပြည်သူ့ပန်းတိုင်က ဆိုသည်။

၂၀၂၅ခုနှစ်၊ဇန်နဝါရီမှ အောက်တိုဘာ ပထမပတ်အထိ အလင်းဝင်နှင့် စစ်သုံ့ပန်း စုစုပေါင်း ၂၁၇၆ဦး ရှိပြီဖြစ်ကြောင်း သိရသည်။

အောက်တိုဘာ၁၀ရက်တွင် စစ်မှုထမ်းအပတ်စဉ်၁၅ သင်တန်းဆင်းခဲ့သည်။