စစ်အာဏာရှင်လက်အောက်တွင် မြန်မာကလေးငယ်များ အနာဂတ်မရှိတော့ဟု သံအမတ်ကြီးဆို

ဓာတ်ပုံ-ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့
ပုံစာ- အောက်တိုဘာ၁၃ရက် ဆွေးနွေးပွဲသို့ တက်ရောက်နေသော သံအမတ်ကြီး

စစ်အာဏာရှင်လက်အောက်တွင် မြန်မာကလေးငယ်များအတွက် အနာဂတ် မရှိကြောင်း ကုလသမဂ္ဂရင်ပြင်တွင် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားလိုက်သည်။

အောက်တိုဘာ၁၃ရက်၊ ကလေးသူငယ်များဆိုင်ရာ ကုလသမဂ္ဂ အပြန်အလှန်ဆွေးနွေးမှုအစီအစဉ် တစ်ရပ်တွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းက အထက်ပါအတိုင်း ပြောကြားခဲ့သလို စစ်အုပ်စုလက်ချက်ကြောင့် မြန်မာကလေးသူငယ် ၁၂၀၀ကျော် သေဆုံးခဲ့ပြီဖြစ်ကြောင်းနှင့် စစ်အုပ်စုပြင်ဆင်နေသည့် အတုအယောင်၊ အလိမ်အညာ ရွေးကောက်ပွဲ မတိုင်မီ အရပ်သားပြည်သူအပေါ် စစ်မက်ပြုခြင်းကို အရှိန်အဟုန်မြှင့် လုပ်ဆောင်နေကြောင်းလည်း ဆိုသည်။

“မင်းအောင်လှိုင်က တရားမဝင်ရွေးကောက်ပွဲကို တရုတ်စပွန်ဆာရပြီးသားမို့ ဘယ်ကမ္ဘာကိုမှ ဂရုမ စိုက်ဘူးဆိုတဲ့အပေါက်မျိုးနဲ့ လူပါးဝနေတာ။ရွေးကောက်ပွဲက တရားမဝင်ပေမဲ့ ဘယ်သူ့ကိုမှ မျက်နှာ ချိုမသွေးနိုင်ဘူး။ရွေးကောက်ပွဲကို အသိအမှတ်မပြုလည်း ဂရုမစိုက်ဘူး။သတ်စရာရှိတာ ဆက်သတ် ရမှာပဲဆိုတဲ့အချိုးမျိုးနဲ့ သီတင်းကျွတ်လပြည့်ည ချောင်း ဦးက ဆီမီးထွန်းသပိတ်ကို ဗုံးကြဲချသွားတာ အားလုံးမျက်မြင်ပဲ”ဟု ရန်ကုန်အခြေစိုက် နိုင်ငံရေးဆောင်းပါးရှင်တစ်ဦးက MPAသို့ပြောသည်။

မြန်မာကလေးသူငယ်များအတွက် ပညာရေးကဏ္ဍတွင် ကြီးလေးစွာ ဟန့်တားခံထားရပြီး နေရပ် စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေစဉ် ပြောင်းရွှေ့တဲများနှင့် ဗုံးခိုကျင်းများ၌ ကလေးငယ်များသည် အကြောက်တရားဖြင့် ပညာသင်ယူနေရကြောင်း၊မြန်မာ ကလေးငယ်များ၏ ငယ်ဘဝဖွံ့ဖြိုးတိုးတက်မှုသည် ထိတ်လန့်မှုများဖြင့် ပြည့်နှက် နေပြီး အများစုမှာ စစ်အုပ်စု၏ မဆင်မခြင် ဗုံးကြဲတိုက်ခိုက်မှုများကြောင့် စိတ်ဒဏ်ရာများ ရရှိထားပြီးဖြစ် ကြောင်း သံအမတ်ကြီးကဆိုသည်။

မိမိတို့အနေနှင့် နိုင်ငံတကာအသိုက်အဝန်းထံမှ စုစည်း ညီညွတ်သော ချဉ်းကပ်မှုပုံစံအပေါ် အခြေခံ သည့် ပိုမိုအား ကောင်းသော၊ ပိုမိုခိုင်မာသော နိုင်ငံရေးဆန္ဒနှင့် ထိရောက်သည့် အရေးယူဆောင်ရွက် ချက် များကို အရေးတကြီး လိုအပ်နေပြီး စစ်အုပ်စုက ရက်စက်ကြမ်းကြုတ်မှု များ ထပ်မံလုပ်ဆောင် ခြင်းကို တားမြစ်နိုင်ရန် ပိုမိုအားထည့် ပါဝင်ပေးစေလိုကြောင်းလည်း သံအမတ်ကြီးက ဆက်လက် ပြော သည်။