နမ့်ဆန်ကို စစ်တပ် ‌ဗုံးကြဲ၊ ၁၇ နှစ်အရွယ် ကျောင်းသူတစ်ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရ

ဓာတ်ပုံ - CJ
ပုံစာ - အုန်းစွမ်ကျေးရွာ ဗုံးကြဲခံရမှု မြင်ကွင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ်၊ အုန်းစွမ်ကျေးရွာကို စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ၁၇နှစ်အရွယ် ကျောင်းသူတစ်ဦးသေဆုံးကာ ၄ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယနေ့ ( အောက်တိုဘာ ၁၄ရက် )၊ နံနက် ၇ နာရီခွဲခန့်တွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် ( TNLA ) ထိန်းချုပ်ထားသည့် နမ့်ဆန်မြို့နယ်၊ အုန်းစွမ်ကျေးရွာကို စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း TNLA က သတင်းထုတ်ပြန်ထားသည်။

” ၈တန်းကျောင်းသူ မိန်းကလေး သေပါတယ်။ ဒဏ်ရာရသူ ၄ဦးရှိပါတယ်။ အသက် ၈နှစ်ကနေ ၁၄နှစ်အရွယ် မိန်းကလေးသုံးဦးနဲ့ အသက် ၃၅နှစ်အရွယ် အမျိုးသားတစ်ဦးပါ။ ဒဏ်ရာရသူတွေ ဆေးကုနေကြပါတယ် ” နမ့်ဆန်ဒေသခံအမျိုးသားတစ်ဦးက MPA ကို ပြောသည်။

သေဆုံးသူသည် နောက်ကျောကို ဗုံးစထိမှန်ခဲ့ခြင်းဖြစ်ပြီး ယနေ့ နံနက် ၈နာရီကျော်က ဆေးကုသမှု ခံယူနေစဉ် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။

” ဆေးကုရင်း သေတာ။ သေတဲ့ကလေးရယ်၊ ဒဏ်ရာရရှိသူတွေထဲက ကလေးမတစ်ယောက်ရယ်က ညီအစ်မတွေ။ သူကလည်း အခြေအနေစိုးရိမ်ရတယ် ” ဟု ၎င်းကဆက်လက်ပြောသည်။

‌ယင်းလေကြောင်းတိုက်ခိုက်မှုကြောင့် အုန်းစွမ်ကျေးရွာရှိ နေအိမ်၁၀လုံး ထိခိုက်ပျက်စီးခဲ့ပြီး နွားများလည်း ထိမှန်သေဆုံးခဲ့ကြောင်း သိရသည်။

အောက်တိုဘာ ၁၃ရက်ကလည်း နမ့်ဆန်မြို့နယ်၊ ကယားကြီးကျေးရွာကို စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသား တစ်ဦး ဒဏ်ရာရရှိခဲ့ပြီး စာသင်ကျောင်းနှင့် နေအိမ်များ ထိခိုက်ပျက်စီးခဲ့ကြောင်း TNLA က သတင်းထုတ်ပြန်ထားသည်။