ရာဇဝတ်မှု ကျူးလွန်ခံရသူ လူငယ် ရာခိုင်နှုန်း ၈၀ ကျော် တရားဥပဒေကို မယုံကြည်တော့ဟုဆို

ဓာတ်ပုံ - CJ

ရာဇဝတ်မှု ကျူးလွန်ခံရသူ လူငယ် ရာခိုင်နှုန်း ၈၀ ကျော်သည် တရားဥပဒေစနစ်ကို အယုံအကြည်မရှိတော့သဖြင့် တိုင်ကြားခြင်း မရှိဘဲ နှုတ်ဆိတ်နေကြကြောင်း သိရသည်။

ယင်းသို့နှုတ်ဆိတ်နေမှုများသည် ရာဇဝတ်မှု မြင့်တက်လာခြင်းနှင့် ရင်ဆိုင်နေရသည့် လူငယ်များကို အထီးကျန်စေပြီး၎င်းတို့၏ စိတ်ပိုင်းဆိုင်ရာ ဝန်ထုပ်ဝန်ပိုးကို ပိုမို မြင့်မားစေကြောင်း ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ် UNDP Myanmar က ယနေ့(အောက်တိုဘာ ၁၄ ရက်) ထုတ်ပြန်သော မြန်မာလူငယ်များဆိုင်ရာ အစီရင်ခံစာများမှ တတိယမြောက် အစီရင်ခံစာဖြစ်သည့် Youth Series Report 3 – A Generation on Edge : Youth safety and well-being in Myanmar စစ်တမ်း၌ ဖော်ပြသည်။

“ကျနော်တို့ ရန်ကုန်က ရဲစခန်းတွေမှာတော့ အာဏာသိမ်းပြီးနောက်ပိုင်း လူငယ်တွေမှ မဟုတ်ဘူး။ ပြည်သူအားလုံးလိုလိုက အမှုဖွင့်တိုင်ကြားတာ မရှိသလောက်ရှားလာတယ်။မဖြစ်မနေတိုင်ရမယ့် ရာ ဇဝတ်မှု အမှုကြီးတွေကလွဲလို့ ကျန်တာတွေကို ကိုယ့်ဘာသာပဲ ဖြေရှင်းတယ်။မဖြေရှင်းနိုင်လည်း ဒီအတိုင်းခံလိုက်ကြတယ်။ရဲတိုင်လို့ ဘာမှမထူးဘူးလို့ ပြည်သူတွေက ခံယူကြတာ အမှန်ပဲ”ဟု ရန် ကုန်မြို့ ရဲသတင်းရင်းမြစ်က MPAသို့ပြောသည်။

လူငယ်အများစုအတွက် ရဲနှင့်တရားရုံးများသည် ဘေးကင်းရေးနှင့် တရားမျှတအတွက် အကာကွယ်ပေးသူများ မဟုတ်တော့ဘဲ ကြောက်ရွံ့မှု သို့မဟုတ် အမြတ်ထုတ်ခြင်း၏ အရင်းအမြစ်များဖြစ်နေကြောင်း ယင်းစစ်တမ်းက ဆိုသည်။

ယင်းစစ်တမ်းကို နိုင်ငံအနှံ့အပြားမှ လူငယ် ၇,၀၀၀ ကျော်၏ အဖြေများအား အခြေခံထားခြင်းဖြစ်ပြီး ယနေ့ မြန်မာနိုင်ငံတွင် တရားစီရင်ရေးစနစ်အပေါ် ယုံကြည်မှု လုံးဝပြိုလဲ သွားခဲ့ပြီဖြစ်ကြောင်း UNDP က မှတ်ချက်ပြုသည်။