ဒီပဲယင်းမြို့ကို PDF တို့ ပိတ်ဆို့ထားသဖြင့် စစ်တပ်က လေကြောင်းမှသာ လက်နက်နှင့် ရိက္ခာများ ပို့ဆောင်နေရ

ဓာတ်ပုံ - ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ဒီပဲယင်းမြို့နယ်
ပုံစာ - အောက်တိုဘာ ၉ရက်က သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများ

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ကို PDF များက ပိတ်ဆို့ထားသဖြင့် စစ်တပ်က လေကြောင်းမှသာ လက်နက်ခဲယမ်းနှင့် ရိက္ခာများ ပို့ဆောင်နေရကြောင်း သိရသည်။

၂၀၂၄ခုနှစ်၊ ဩဂုတ် ၁၈ရက်က ဆင်နွှဲခဲ့သော ဒီပဲယင်းမြို့သိမ်းတိုက်ပွဲပြီးသည့်နောက်ပိုင်းမှစ၍ ယင်းမြို့ကို PDF များက ဝိုင်းဝန်းပိတ်ဆို့ထားရာ မြို့ပေါ်ရှိ စစ်သားများအတွက် လက်နက်ခဲယမ်းနှင့် ရိက္ခာများပို့ဆောင်ရာတွင် မြေပြင်စစ်ကြောင်းထိုး၍ ပို့ဆောင်ခြင်းမပြုတော့ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ဒီပဲယင်းမြို့နယ်ထံက သိရသည်။

” မြေပြင်က ဘာမှပို့လို့မရဘူး။ ကျနော်တို့ပိတ်ဆို့ထားတာ တစ်နှစ်ကျော်ပြီ။ လေကြောင်းကနေပဲ ဆေးဝါးတို့၊ ရိက္ခာတို့၊ ခဲယမ်းတွေ လာချပေးတယ်။ ဒီပဲယင်းမြို့ပေါ်က အထိုင်စခန်းတွေကို ချပေးတာ “ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ဒီပဲယင်းမြို့နယ် တာဝန်ခံက MPA ကိုပြောသည်။

ယင်းတစ်နှစ်ကျော်အတွင်း စစ်တပ်က လေယာဉ်ဖြင့် အနည်းဆုံး လေးကြိမ်ခန့် ဆေးဝါး၊ စားနပ်ရိက္ခာနှင့် လက်နက်ခဲယမ်းတို့ ပို့ဆောင်ခဲ့ပြီး ယင်းပစ္စည်းထုပ်များ မြို့ပြင်သို့ ကျရောက်ပါက PDFတို့က သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။

” သူတို့က မြို့ပြင် မီတာ ၅၀၀ကျော် ၆၀၀လောက်ကို ( ပစ္စည်းထုပ် ) ကျရင် ထွက်မကောက်ရဲတော့ဘူး။ ဒီလ ၉ရက်နေ့ နေ့ခင်းပိုင်းမှာ Y 8 နဲ့ လာချသေးတယ်။ အဲတုန်းက ( မြို့ပြင် ) မီတာ ၁၀၀၀ လောက်မှာကျတာ။ တစ်ထုပ်ရတယ်။ ပြီးတော့ မနေ့က နယ်မြေရှင်းလင်းရေးလုပ်ရင်းနဲ့ တစ်ထုပ်ထပ်ရတယ်။ လက်နက်ခဲယမ်းတွေပဲ ပါတာပါ ” ဟု ၎င်းက ဆက်လက်ပြောသည်။

မြို့သိမ်းတိုက်ပွဲမတိုင်ခင်က စစ်တပ်သည် ဒီပဲယင်းမြို့ကို လက်နက်ခဲယမ်းနှင့် ရိက္ခာများ ပို့ဆောင်လိုပါက ရေဦးမြို့နယ်ဘက်မှ မြေပြင်စစ်ကြောင်းထိုး၍ ပို့ဆောင်ခဲ့သည်။

ဒီပဲယင်းမြို့ပေါ်တွင် စစ်အုပ်စုဝင်အင်အား ၉၀နှင့် ၁၀၀ကြားရှိပြီး ကုန်းသာဦးဘုန်းကြီးကျောင်း၊ ဇွဲတိုက် စားသောက်ဆိုင်၊ ရွှေသာလီဘုရားနှင့် စာသင်ကျောင်းတို့၌ အထိုင်ချတပ်စွဲထား ကြောင်းသိရသည်။

၂၀၂၄ ခုနှစ်၊ ဩဂုတ် ၁၈ရက် နံနက်ပိုင်းက ဒီပဲယင်းမြို့ကို PDFပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သော်လည်း ယင်းနေ့ မွန်းလွဲပိုင်း၌ စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုနှင့် စစ်ကူများကြောင့် PDFတပ်ဖွဲ့များ မြို့မှပြန်လည်ဆုတ်ခွာပေးခဲ့ရသည်။