Google သည် အိန္ဒိယနိုင်ငံရှိ ၎င်း၏ အကြီးမားဆုံးသော ရင်းနှီးမြှုပ်နှံမှုအဖြစ် နိုင်ငံတောင်ပိုင်း အန်ဒရာပရာဒေ့ရှ် ပြည်နယ်၊ ဝိသာခါပတ်တနမ် မြို့တွင် ဉာဏ်ရည်တု (AI) ဒေတာစင်တာ တည်ထောင်ရန်အတွက် ၅နှစ်တာကာလအတွင်း ဒေါ်လာ ၁၅ ဘီလီယံ သုံးစွဲသွားမည်ဖြစ်ကြောင်း ယနေ့ ကြေညာလိုက်သည်။
ကမ္ဘာပေါ်တွင် လူဦးရေအများဆုံးဖြစ်သည့် အိန္ဒိယနိုင်ငံ၌ အမေရိကန် Google ကုမ္ပဏီ၏ စီမံကိန်းသည် အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာ မိုဒီ က ပြည်ပမှ ကုန်ပစ္စည်းများ သပိတ်မှောက်ရန် တိုက်တွန်းနေချိန်နှင့် အမေရိကန် နှင့် အိန္ဒိယတို့အကြား အကောက်ခွန်များဆိုင်ရာ သံတမန်တင်းမာမှုများနှင့် ကုန်သွယ်ရေးသဘောတူညီချက် ရပ်ဆိုင်းနေသည့် ကာလအတွင်း ထွက်ပေါ်လာခြင်းဖြစ်သည်။
အဆိုပါ နယူးဒေလီမြို့တွင် ကျင်းပသည့် အခမ်းအနား၌ Google Cloud ၏ အမှုဆောင်အရာရှိချုပ် သောမတ်စ် ကူရီယန် က အန်ဒရာပရာဒေ့ရှ်ရှိ ဒေတာစင်တာသည် ကုမ္ပဏီ၏ အမေရိကန် ပြင်ပတွင် “အကြီးဆုံး AI ဗဟိုချက်” ဖြစ်လာမည်ဟု ပြောကြားခဲ့သည်။
“ကျွန်တော်တို့ရဲ့ ရေရှည်ရည်မှန်းချက်က အိန္ဒိယရဲ့ ကိုယ်ပိုင် AI ရည်မှန်းချက်ကို အရှိန်မြှင့်တင်ပေးဖို့ပါပဲ” ဟု ကူရီယန်က ဆိုသည်။
AI ဝန်ဆောင်မှုများအတွက် လိုအပ်ချက်များ အဆမတန်မြင့်တက်လာမှုကြောင့် နည်းပညာကုမ္ပဏီကြီးများက အခြေခံအဆောက်အအုံအသစ်များ တည်ဆောက်ရန်အတွက် ရင်းနှီးမြှုပ်နှံမှုများစွာ ပြုလုပ်နေကြရာ Google ကလည်း ယခုနှစ်တွင် ဒေတာစင်တာစွမ်းရည် တည်ဆောက်ရန်အတွက် ဒေါ်လာ ၈၅ ဘီလီယံခန့် သုံးစွဲရန် ကတိပြုထားသည်။
ဆိပ်ကမ်းမြို့ ဝိသာခါပတ်တနမ်တွင် တည်ဆောက်မည့် အဆိုပါဒေတာစင်တာ သည် စတင်ချိန်တွင် စွမ်းဆောင်ရည် ၁ ဂစ်ဂါဝပ် (Gigawatt) ရှိမည်ဖြစ်သည်။
Google က အကောက်ခွန်ကိစ္စကို တိုက်ရိုက်ရည်ညွှန်းခြင်းမရှိဘဲ “ဒီအစီအစဉ်ဟာ အိန္ဒိယနဲ့ အမေရိကန် နှစ်နိုင်ငံစလုံးအတွက် သိသာထင်ရှားတဲ့ စီးပွားရေးနဲ့ လူမှုရေးအခွင့်အလမ်းတွေကို ဖန်တီးပေးပါတယ်” ဟု ကြေညာချက်တစ်စောင်တွင် ပြောကြားခဲ့သည်။
လတ်တလော ရက်သတ္တပတ်များအတွင်း အိန္ဒိယအရာရှိများသည် အမေရိကန်ကုမ္ပဏီများမှ အမှုဆောင်အရာရှိများစွာနှင့် သီးခြားတွေ့ဆုံခဲ့ကြပြီး အမေရိကန် အကောက်ခွန်များကြောင့် မကျေနပ်မှုများ ရှိသော်လည်း စီးပွားရေးလုပ်ရန် လွယ်ကူသည့် ပတ်ဝန်းကျင်ကို ပေးအပ်ရန် ကတိပြုကြောင်း ပြောကြားခဲ့သည်ဟု အမည်မဖော်လိုသူ သတင်းရင်းမြစ်နှစ်ဦးက ရိုက်တာသတင်းဌာနကို ပြောကြားသည်။
မိုက်ခရိုဆော့ဖ် (Microsoft) နှင့် အမေဇုန် (Amazon) တို့သည်လည်း အင်တာနက်အသုံးပြုသူ တစ်ဘီလီယံနီးပါးရှိသည့် အရေးပါသော ကြီးထွားလာနေသည့် ဈေးကွက်ဖြစ်သော အိန္ဒိယတွင် ဒေတာစင်တာများ တည်ဆောက်ရန်အတွက် ဒေါ်လာဘီလီယံပေါင်းများစွာကို ရင်းနှီးမြှုပ်နှံထားပြီးဖြစ်သည်။
အိန္ဒိယဘီလျံနာများဖြစ်သည့် ဂေါတမ် အဒါနီ နှင့် မူးကေ့ရှ် အမ်ဘာနီတို့ကလည်း ဒေတာစင်တာစွမ်းရည် တည်ဆောက်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုများကို မိတ်ဆက်ထားသည်။
အဒါနီအဖွဲ့ (Adani Group) နှင့် အိန္ဒိယမှ အဲယားတယ် (Airtel) တို့သည် Google နှင့် ပူးပေါင်းကာ ၎င်း၏ စီမံကိန်းအသစ်အတွက် အခြေခံအဆောက်အအုံများ တည်ဆောက်နေကြပြီး ယင်းတွင် နိုင်ငံတကာ Subsea Gateway အသစ်တစ်ခု တည်ဆောက်ခြင်းလည်း ပါဝင်သည်။
AI သည် ကြီးမားသော တွက်ချက်နိုင်စွမ်း (computing power) လိုအပ်သောကြောင့် နည်းပညာကုမ္ပဏီများအနေဖြင့် ချစ်ပ်များ ထောင်ပေါင်းများစွာကို စုစည်းချိတ်ဆက်နိုင်သည့် အထူးပြုဒေတာစင်တာများအတွက် လိုအပ်ချက်ကို တိုးမြှင့်နေခြင်းဖြစ်သည်။
Google ၏ မိခင်ကုမ္ပဏီဖြစ်သော အယ်လ်ဖာဘက်တ် (Alphabet Inc) သည် အိန္ဒိယနိုင်ငံအား ၎င်း၏ YouTube ဗီဒီယိုဝန်ဆောင်မှုတွင် အသုံးပြုသူအများဆုံးရှိပြီး Android ဖုန်းများက စမတ်ဖုန်းအသုံးပြုမှုတွင် လွှမ်းမိုးထားသည့် အဓိကကြီးထွားလာသော ဈေးကွက်အဖြစ် သတ်မှတ်ထားသည်။
သို့သော်လည်း Alphabet Inc အနေဖြင့် ၎င်း၏ စီးပွားရေးလုပ်ထုံးလုပ်နည်းများအပေါ် အိန္ဒိယတွင် ယှဉ်ပြိုင်မှုဆန့်ကျင်ရေးဆိုင်ရာ စိန်ခေါ်မှုများစွာကို ရင်ဆိုင်နေရသလို၊ YouTube ၏ AI မူဝါဒကို ကန့်ကွက်သည့် ဘောလိဝုဒ်ဇနီးမောင်နှံတစ်တွဲ၏ တရားစွဲဆိုမှုကိုလည်း ရင်ဆိုင်နေရသည်။
