တနင်္သာရီတိုင်း ၊ ထားဝယ်မြို့နယ်တွင် လက်နက်ခဲယမ်းပို့ရန်ထွက်လာသည့် အင်အား ၁၀၀ ပါစစ်ကြောင်း တိုက်ခိုက်ခံရပြီး စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
အောက်တိုဘာ ၁၃ ရက်၊ နံနက် ၁၀ ဝန်းကျင်ခန့်တွင် မော်လမြိုင်-ရေး-ထားဝယ် ကားလမ်းမပေါ်ရှိ ခမရ ၄၀၆ သို့ လက်နက်ခဲယမ်းပို့ရန် ထားဝယ်မြို့နယ်၊ဇဟာရွာအခြေစိုက် အမတ ၃၀၂ မှ ထွက်လာသည့် အင်အား ၁၀၀ ပါစစ်ကြောင်းကို မောင်မယ်ရှောင်ကျေးရွာ၌ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA)၏ ဒူရကစစ်ကြောင်းက တိုက်ခိုက်ခဲ့ကြောင်း ဒူရကစစ်ကြောင်းက အောက်တိုဘာ ၁၄ရက် ညပိုင်း၌ သတင်းထုတ်ပြန်ထားသည်။
“စစ်ကြောင်းက အဲဒီ့ အနီးတဝိုက်မှာတော့ ရှိသေးတယ်ခင်ဗျ။ လက်နက်ခဲယမ်းတွေကတော့ ခမရ ၄၀၆ ကိုရောက်သွားပါပြီခင်ဗျာ”ဟု ဒူရကစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။
ယင်းတိုက်ခိုက်မှုကြောင့် စစ်သား ၅ ဦး မျက်မြင် သေဆုံးခဲ့ကြောင်းနှင့် ဒူရကစစ်ကြောင်းမှ ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
တိုက်ပွဲဖြစ်ပွားခဲ့သည့် မောင်မယ်ရှောင် ကျေးရွာမှ ပြည်သူများသည် စစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုများနှင့် စစ်ကြောင်းထိုးမှုများကြောင့် စစ်ရှောင်နေရသည်မှာ ၂ နှစ်ဝန်းကျင်ရှိပြီ ဖြစ်ကြောင်း သိရသည်။
စစ်သားများ သေဆုံးမှုကို MPAအနေနှင့် သီးခြားအတည်မပြုနိုင်ပေ။
ခမရ၄၀၆ သည် ရေးမြို့နယ်ဘက်မှ လာပါက ရေဖြူမြို့နယ်၊ကလုံးထာရွာ အဝင်လမ်းအနီး၌ တည်ရှိသည်။
