ရန်ကုန်တွင် ကားမပါဘဲ ညဘက် အပြင်ထွက်လျှင် ပေါ်တာဆွဲခံရနိုင်ခြေ ပိုများနေဟုဆို

ဓာတ်ပုံ-RSN
ပုံစာ- ရန်ကုန်တွင် ညဘက် ကင်းလှည့်နေသော စစ်အုပ်စု(ပုံဟောင်း)

ရန်ကုန်တွင် ကိုယ်ပိုင်ကားနှင့်မဟုတ်ဘဲ ညဘက် အပြင်ထွက်လျှင် ပေါ်တာဆွဲခံရနိုင်ခြေရှိသည်ကို အထူးသတိပြုရန် ရန်ကုန်မြို့အခြေစိုက် ရဲသတင်းရင်းမြစ်က ဆိုသည်။

ရန်ကုန်တွင် စစ်မှုထမ်းအတွက် ပေါ်တာဆွဲခြင်းကို ညဘက်၌ အဓိကပြုလုပ်လေ့ရှိပြီး ကိုယ်ပိုင်ကား ဖြင့် သွားလာနေသူများကို ဖမ်းဆီးလေ့မရှိဘဲ လမ်းလျှောက်လာသူများအား အဓိကဖမ်းဆီးကြောင်း သိရသည်။

“ညဘက်ကိုယ်ပိုင်ကားနဲ့ထွက်တဲ့ကောင်တွေက များသောအားဖြင့် ကလပ်တက် ဘားသွားကြတဲ့ သူ တို့ဗိုလ်ချုပ်တွေနဲ့ ပတ်သက်ရာပတ်သက်ကြောင်းတွေများတာဆိုတော့ မှားပြီး သွားဖမ်းမိရင် ပြဿ နာတက်ရုံတင်မကဘူး။နောက်နေ့လည်းရောက်ရော ရန်ကုန်ကနေ ရှေ့တန်းတန်းရောက်သွားနိုင် တယ်။အဲဒါကြောင့် ကားတွေကို မဖမ်းရဲတာ”ဟု ၎င်းက MPAသို့ပြောသည်။

ရန်ကုန်တိုင်းအတွင်း ထူးခြားဖြစ်စဉ်များနှင့် စစ်တပ်လှုပ်ရှားမှုများကို အဓိကဖော်ပြနေသော Rangoon Scout Network မှ တာဝန်ရှိသူတစ်ဦးကလည်း စစ်တပ်သည် ညဘက်၌ ကိုယ်ပိုင် ကား များကို အရေးပေါ်ကိစ္စရှိလျှင် တားစစ်သည်မှလွဲ၍ ရှောင်တခင်စစ်ဆေး ဖမ်းဆီးမှုမျိုး အလွန်နည်း ကြောင်း ဆိုသည်။

“အများအားဖြင့် ဆိုင်ကယ်၊ စက်ဘီးနဲ့ ခြေလျင်သွားလာနေတဲ့သူတွေကိုပဲ ရမ်းသန်းဆွဲသွားလိုက်၊ ရှောင်တခင်စစ်ပြီး ဖမ်းလိုက်လုပ်နေကြတာပါ။ အသံသိပ်မထွက်ဘဲ ဆွဲလို့ရနေလို့ထင်တယ်။ သူတို့တွေကိုပဲ ပစ်မှတ်ထား ဖမ်းဆီးနေတာ တွေ့ရပါတယ်။ ကိုယ်ပိုင်ကားနဲ့ သွားလာသူကိုတော့ ဖမ်းဆီးတာ နည်းပါတယ်ဗျ”ဟု ၎င်းက ပြောသည်။

ညဘက်တွင် ပေါ်တာဆွဲရန် ချောင်းနေသည့်အဖွဲ့ အမြဲရှိနေသည်ကို သတိပြုကြရန် ၎င်းက ဆက်လက်ပြောသည်။

“လူရော ပိုက်ဆံရော ရတဲ့ ဂွင်ဖြစ်လာလို့ လက်ရဲဇက်ရဲ ဖြစ်နေကြပါပြီ။ ပွဲဈေးလို လူစည်ကားတဲ့ နေရာတွေနားမှာတောင် လူပြတ်တာနဲ့ ဆွဲဖို့ချောင်းနေသူတွေ ရှိနေတတ်ကြပါတယ်။ ပါသွားရင် ဆက်သွယ်ရမယ့်သူတွေစာရင်းကို အသင့်လုပ်ထား မှတ်ထားပါလို့လည်း မှာချင်ပါတယ်” ဟု ၎င်းက အကြံပြုသည်။

အောက်တိုဘာ ၁၀ ရက်၊ ည ၁၀ နာရီခန့်တွင် ဗိုလ်တထောင်မြို့နယ်၊ ကမ်းနားလမ်းနှင့် ၅၃ လမ်းထောင့်၊ ဗိုလ်တထောင်ဘုရားရှေ့ ၂၄ ဂိတ်အနီး၌ ယောကျ်ားလေး ၂ ဦး လမ်းလျှောက်သွားလာနေစဉ် လှည့်ကင်းကားတစ်စီးဖြင့် စစ်သားများ ရောက်ရှိလာပြီး ရိုက်နှက်ဖမ်းခေါ်သွားကြောင်း Rangoon Scout Network က ထုတ်ပြန်ထားသည်။