စစ်မှုထမ်းပြဿနာ လူငယ်များကြား မလုံခြုံမှုအခြေအနေ အဆိုးရွားဆုံးဖြစ်လာ

ဓာတ်ပုံ-RSN
ပုံစာ- စစ်မှုထမ်းသင်တန်းသို့ အဓမ္မပို့ဆောင်ခံရသော လူငယ်များ

စစ်မှုထမ်းဥပဒေကြောင့် လူငယ်များကြား မလုံခြုံမှုအခြေအနေမှာ အဆိုးရွားဆုံးဖြစ်လာကြောင်း ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ် UNDP Myanmar ၏ အစီရင်ခံစာက ဆိုသည်။

လူငယ် သုံးယောက်တွင် တစ်ယောက်နီးပါး သည် အတင်းအဓမ္မ စစ်မှုထမ်းရန် ခေါ်ယူခံရနိုင်ခြေကို စိုးရိမ်ပူပန်နေကြရကြောင်းလည်း ဆိုသည်။

“အထူးသဖြင့် တိုင်းရင်းသားလူနည်းစုများနှင့် ဝင်ငွေနည်းပါးသော မိသားစုများမှ လူငယ်အမျိုးသား များဟာ စစ်မှုထမ်းခိုင်းဖို့ ပစ်မှတ်ထားခံနေရပါတယ်”ဟု UNDP Myanmar က ဆိုသည်။

ယင်းသို့သော ကြောက်ရွံ့နေရမှုသည် လူငယ်များအပေါ် စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုများကို ပိုမိုဖြစ်ပေါ်စေ ကြောင်းလည်း ဆိုသည်။

“ကျနော်တို့ရန်ကုန်မှာ စစ်တပ်အသိုင်းအဝိုင်းကလူငယ်တွေကလွဲရင် ကျန်တဲ့လူငယ်တိုင်းရဲ့ စိတ်ထဲမှာ စစ်မှုထမ်းအတွက် ပေါ်တာဆွဲခံရမှာကို ကြောက်နေကြတယ်”ဟု ရန်ကုန်မြို့တွင်းနေ စာပေလောကသားတစ်ဦးက MPAသို့ပြောသည်။

ရန်ကုန်မြို့တွင် စက်တင်ဘာလအတွင်း မတရားဖမ်းဆီးခံရသူ ၁၆၃ဦးအနက် လမ်းမပေါ်သွားလာ နေစဉ်၊လမ်းဘေးထိုင်နေစဉ်နှင့် ဆိုင်ထိုင်နေစဉ် ဖမ်းဆီးခံရသူ ၆၆ဦးရှိကြောင်း Rangoon Scout Network က သတင်းထုတ်ပြန်ထားသည်။

“သွားရင်းလာရင်း အဖမ်းခံရတဲ့သူ အကုန်လုံးဟာ စစ်မှုထမ်းထဲပို့ဖို့ ချည်းပဲ”ဟု ရန်ကုန်မြို့ ရဲသတင်း ရင်းမြစ်က ဆိုသည်။

အောက်တိုဘာ၁၀ရက်တွင် စစ်မှုထမ်းအပတ်စဉ်၁၅ သင်တန်းဆင်းပြီဖြစ်သည်။