ကလေးကိုပင် ချမ်းသာမပေးသည့် အံ့မခန်းလူသတ်ပွဲများအကြောင်း ကုလရင်ပြင်တွင် သံအမတ်ကြီး ဆက်လက်ဖွင့်ချ

ဓာတ်ပုံ- ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့
ပုံစာ-အောက်တိုဘာ ၁၃ ရက် ဆွေးနွေးပွဲတွင် သံအမတ်ကြီး မိန့်ခွန်းပြောနေစဉ်

ကလေးငယ်များပါမချန် အစုလိုက်အပြုံလိုက်သတ်ဖြတ်နေသော စစ်အုပ်စုဝင်တို့၏ ရက်စက်ကြမ်းကြုတ်မှုများနှင့် အဓမ္မစစ်သားစုဆောင်းနေမှုကို ကုလသမဂ္ဂရင်ပြင်တွင် သံအမတ် ကြီးဦးကျော်မိုးထွန်းက ဆက်လက်ဖွင့်ချခဲ့သည်။

အောက်တိုဘာ၁၃ရက်၊ကုလသမဂ္ဂဌာနချုပ်တွင် ကျင်းပသော “လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ” ခေါင်းစဉ် ဖြင့် ဆွေးနွေးမှု၌ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက မိန့်ခွန်းပြောကြားစဉ် စစ်အုပ်စု၏ အံ့မခန်းလူသတ်မှုများ အကြောင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

လက်ရှိအချိန်ထိ မှတ်တမ်းတင်အတည်ပြုထားနိုင်သော အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ၄၅၂ ကြိမ် စစ်တပ်က ကျူးလွန်ခဲ့ပြီး၊ ကလေးငယ် ရာဂဏန်းအပါအဝင် အရပ်သား ၄,၇၆၃ ဦး သေဆုံးခဲ့ရကြောင်း၊ စစ်တပ်သည် အရွယ်မရောက်သေးသူများအပါအဝင် လူပေါင်း ၃၀,၀၀၀ ကျော် ကို အတင်းအကျပ်စစ်သားစုဆောင်းခဲ့ကြောင်း၊ အောက်တိုဘာ ၆ ရက်၊ ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်နေ့တွင်ပင် စစ်တပ်သည် စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၌ လူစုလူဝေးအတွင်းသို့ လူမဆန်စွာ လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ ကလေးငယ်များအပါအဝင် အရပ်သား ၂၀ ခန့် အသက်ဆုံးရှုံးခဲ့ရကာ လူပေါင်းများစွာ ဒဏ်ရာ ရရှိခဲ့ကြောင်း သံအမတ်ကြီးက ဆိုသည်။

“သံအမတ်ကြီးက ကုလသမဂ္ဂမှာ ပြောစရာဘာတစ်ခုမှ မကျန်အောင် အကုန်ပြောပြီးပါပြီ။ နောက်ထပ်လုပ်စရာက မြန်မာပြည်သူတွေရဲ့အသက်ကို လူ့အသက်တွေလို့ ကုလသမဂ္ဂက မြင်ရော မြင်မိရဲ့လားဆိုပြီး မေးခွန်းထုတ်ဖို့ပဲ ကျန်တော့တယ်”ဟု ရန်ကုန်အခြေစိုက် နိုင်ငံရေးဆောင်းပါးရှင် တစ်ဦးက MPAသို့ပြောသည်။

တရားမဝင် အာဏာသိမ်းပြီး ၄နှစ်ကျော်ကာလအတွင်း စစ်တပ်သည် ခွဲခြားမှုမရှိသော လေကြောင်းတိုက်ခိုက်မှုပေါင်း ၃,၇၄၄ ကြိမ် ကျူးလွန်ခဲ့ပြီး၊ အပြစ်မဲ့ ပြည်သူပေါင်း ၄,၁၃၅ ဦး အသက်ဆုံးရှုံးခဲ့ရကာ ကျောင်း၊ ဆေးခန်းနှင့် ဘာသာရေးအဆောက်အအုံ ၁၀၀၀ကျော်အပါအဝင် ပုဂ္ဂလိကအဆောက်အအုံပေါင်း ၁၀၀,၀၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ရကြောင်းလည်း သံအမတ်ကြီး ကပြောသည်။

ဆက်လက်ပြီး သံအမတ်ကြီးက စစ်အုပ်စုသည် ၎င်းတို့၏ ရက်စက်ကြမ်းကြုတ်သည့် ရာဇဝတ်မှုများကို တာဝန်ခံမှု မှ ရှောင်လွှဲရန်နှင့် တရားမဝင်အာဏာသိမ်းမှုကို တရားဝင်စေရန် ရည်ရွယ်ချက်ဖြင့် အတုအယောင် ရွေးကောက်ပွဲလုပ်ငန်းစဉ်ကို စီစဉ်နေကြောင်း၊

ထို့ကြောင့် အတုအယောင်ရွေးကောက်ပွဲကို ပြတ်သားစွာ ပယ်ချပစ်ရန်နှင့် မြန်မာပြည်သူတို့နှင့်အတူ လက်တွေ့ကျကျ ရပ်တည်ပေးကြရန် အပြည်ပြည်ဆိုင်ရာအသိုက်အဝန်းနှင့် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ အားလုံးကို တောင်းဆိုကြောင်းလည်း ဆိုသည်။