ကော့ကရိတ်-မြဝတီလမ်းပေါ်တွင် စစ်မှုထမ်းတပ်သားသစ်များကို အင်အားဖြည့်ကာ လက်နက်ကြီး ပစ်ကူ ဖြင့် ထိုးစစ်ဆင်လာသော အောင်ဇေယျစစ်ကြောင်းမှာ သေဆုံး၊ဒဏ်ရာရများစွာနှင့် ရှေ့မတိုးနိုင်ဖြစ် နေကြောင်း သိရသည်။
စက်တင်ဘာ၁ရက် ညပိုင်းမှစတင်ကာ ကရင်ပြည်နယ်၊ကော့ကရိတ်-မြဝတီ အာရှလမ်းသစ်ဝန်းကျင် ၌ ရှေ့ဆက်တိုးရန် ထိုးစစ်ဆင်လာသော အောင်ဇေယျစစ်ကြောင်းနှင့် KNLAပူးပေါင်းတပ်တို့ ယနေ့ (စက်တင်ဘာ၂ရက်)နံနက်ပိုင်းအထိ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ဒေသတွင်း PDFသတင်းရင်းမြစ်ထံက သိရသည်။
“အောင်ဇေယျာစစ်ကြောင်းက လူအင်အားသုံးတယ်။စစ်မှုထမ်းတပ်သားသစ်တွေ လှိုင်လှိုင်သုံးတယ်။ လက်နက်ကြီး ဟောင်ဝှစ်ဇာတို့ အတွဲလိုက်ဒုံးတို့ သုံးပြီး ရှေ့တိုးဖို့ ကြိုးစားတယ်။စစ်သားကြိုက်သ လောက်သေ ပုံစံမျိုးနဲ့ အသက်တွေ ပုံအောပြီး တိုးနေတာ။ဒီမနက်လည်း အသေအပျောက်များနေ တယ်လို့ သိရတယ်။ တောနော်ရေတံခွန်တစ်ကြောမှာ ချနေကြတာ”ဟု ၎င်းက MPAသို့ပြောသည်။
နှစ်ဖက် ထိခိုက်မှုနှင့် တိုက်ပွဲ အသေးစိတ်အခြေအနေကိုမူ မသိရသေးကြောင်း ၎င်းက ဆိုသည်။
စက်တင်ဘာ၁ရက်ညပိုင်းတွင် မြဝတီမြို့စောင့်တပ် ခလရ၂၇၅မှလည်း စစ်ကြောင်းထိုးလာသဖြင့် သင်္ဃန်းညီနောင်အနီး၌ KNLA ပူးပေါင်းတပ်နှင့် တိုက်ပွဲဖြစ်ပွားခဲ့သေးကြောင်း သိရသည်။
“စစ်တပ်က နှစ်ဖက်ညှပ်တိုက်နေတဲ့အစီအစဉ်ပေါ့။ကော့ကရိတ်ဘက်ကလာတဲ့ အောင်ဇေယျစစ် ကြောင်းမှာက တိုက်ပွဲအတွေ့အကြုံမရှိတဲ့ စစ်မှုထမ်းတွေနဲ့ဆိုတော့ လူအင်အားနဲ့ လက်နက်ကြီး အားရှိပေမဲ့ တိုးမပေါက်ဘူး။ မြဝတီဘက်ကလာတာကျတော့ နယ်စပ်တပ်စခန်းတွေကနေ ပူးပေါင်း တပ်တိုက်လို့ ထိုင်းဘက်ဝင်ပြေးပြီးတော့မှ ထိုင်းကနေ မြဝတီမြို့စောင့်တပ်ကို ပြန်လွှဲပို့ထားတဲ့စစ် သားတွေဆိုတော့ စိတ်ဓာတ်ရေးရာအရ ဦးကျိုးပြီးသားကောင်တွေ”ဟု ၎င်းက ဆက်လက်ပြောသည်။
မွန်ပြည်နယ်၊မော်လမြိုင်မြို့မှ မြဝတီမြို့သို့ ၂၀၂၄ခုနှစ်၊ဧပြီလအတွင်းက စတင်ချီတက်ခဲ့သော အောင်ဇေယျစစ်ကြောင်းသည် ယနေ့ထိတိုင် ဒေါနတောင်တန်းကို မကျော်နိုင်သေးပေ။
