ဝရမ်းပြေး လူသတ် စစ်အုပ်စုကို အာဆီယံအစည်းအဝေးများတက်ခွင့် လုံးဝမပေးတော့ရန် တောင်းဆို

ဝရမ်းပြေး လူသတ် စစ်အုပ်စုကို အာဆီယံနှင့်ပတ်သက်သော အစည်းအဝေးများသို့ လုံးဝတက်ရောက်ခွင့်မပေးတော့ရန် Defend Myanmar Democracy (DMD)က တောင်းဆိုလိုက်သည်။

ပြီးခဲ့သည့် စက်တင်ဘာလအတွင်း အာဆီယံနှင့် ဆက်စပ်သော စစ်ဘက်ဆိုင်ရာ အစည်းအဝေးများ၊ အခမ်းအနားများနှင့် အခြားသောတွေ့ဆုံမှု အနည်းဆုံး ၃၈ ခုတွင် စစ်အုပ်စုကို အာဆီယံက ပါဝင်တက်ရောက်ခွင့်ပေးခဲ့သည့်အပြင်ထိုအစည်းအဝေးများထဲမှ အစည်းအဝေး ၃ခုတွင် စစ်အုပ်စု၏ကိုယ်စားလှယ်များက ဥက္ကဌအဖြစ် ဆောင်ရွက်ခွင့်ရခဲ့ကြောင်းနှင့် အာဆီယံခေါင်းဆောင် များအနေနှင့် ယင်းသို့ဂုဏ်သိက္ခာကင်းမဲ့သော လုပ်ရပ်များကို ရှောင်ကြဉ်ရန် တောင်းဆိုကြောင်း
Defend Myanmar Democracy က ဆိုသည်။

“မင်းအောင်လှိုင်ရဲ့ ကြောက်မက်ဖွယ် အကြမ်းဖက်လုပ်ရပ်တွေက အာဆီယံကို လုံးဝဂရုမစိုက် ကြောင်း ပြောင်ပြောင်တင်းတင်းစိန်ခေါ်နေတာပါ။အာဆီယံမူ၅ရပ်ဆိုတာ မင်းအောင်လှိုင်အမှိုက် ခြင်းထဲမှာ ဆုတ်ဖြဲခံထားရတဲ့ စက္ကူစုတ်ပါပဲ။အာဆီယံအနေနဲ့ အခုမင်းအောင်လှိုင်လုပ်မယ့်ရွေး ကောက်ပွဲကိုရော ဘယ်လိုသဘောထားမလဲ၊မူ၅ရပ်နဲ့မညီလို့ လက်မခံဘူးလို့ ထုတ်ပြောရဲသလား ဆိုတာ စောင့်ကြည့်ရပါမယ်”ဟု မုံရွာအခြေစိုက် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးက MPAသို့ ပြောသည်။

စစ်အုပ်စုသည် စက်တင်ဘာလအတွင်း အရပ်သားပြည်သူများအပေါ် ပစ်မှတ်ထားသည့်လေကြောင်းတိုက်ခိုက်မှုများကြောင့် လူအမြောက်အမြား သေဆုံးခဲ့ရကြောင်း စက်တင်ဘာလ၏နောက်ဆုံး ၄ရက်အတွင်းမှာပင် ကချင်ပြည်နယ် ဆဒုံးမြို့၊ ချင်းပြည်နယ် ပလတ်ဝမြို့၊ ရခိုင်ပြည်နယ် ရသေ့တောင်နှင့် သံတွဲမြို့နှင့် စစ်ကိုင်းတိုင်း တန့်ဆည်မြို့ရှိ ကံထူးမရွာ တို့ကို စစ်အုပ်စုက လေကြောင်းတိုက်ခိုက်ခဲ့ရာ ကလေးသူငယ်များအပါအဝင် လူ ၂၀ ဦးခန့်သေဆုံးခဲ့သလို အောက်တိုဘာလ ၆ ရက်နေ့၊ သီတင်းကျွတ်လပြည့်နေ့တွင် ချောင်းဦးမြို့ နယ်၌ ဆီမီးသပိတ်ပြုလုပ်နေစဉ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးများအပါအဝင် လူ ၂၀ ကျော်သေဆုံးခဲ့ကြောင်း အာဆီယံသည် ထိုလူသတ်ခေါင်းဆောင်များအတွက် အာဆီယံ၏အစည်းအဝေးများတွင် ထိုင်ခုံနေရာပေး၍ တရားဝင်မှုပေးလျက်ရှိကြောင်းလည်း Defend Myanmar Democracy ကဝေဖန်သည်။

စစ်ရာဇဝတ်မှုများပေါ်ပေါ်ထင်ထင်ကျူးလွန်နေသူများကို စစ်ရေးနှင့် ထောက်လှမ်းရေးဆိုင်ရာ အဆင့်မြင့်အစည်းအဝေးများတွင် ပါဝင်ခွင့်ပေး၍ တရားဝင်မှုပေးနေခြင်းသည် အာဆီယံအနေဖြင့် စစ်အုပ်စု၏ အရပ်သားပြည်သူများအပေါ် ရက်စက်ကြမ်းကြုတ်စွာ ဗုံးကြဲ သတ်ဖြတ်နေမှုများကို တရားဝင်မှုပေး၍ အားပေးအားမြှောက်ပြုလုပ်ခြင်းဖြင့် စစ်ရာဇဝတ်မှုများ၌ ပါဝင်ပတ်သက်နေခြင်း ဖြစ်ကြောင်းလည်း ဆိုသည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မြန်မာ့အရေးအာဆီယံဘုံသဘောတူညီချက်၅ရပ်ကို လက်မှတ် ရေးထိုးအတည်ပြုထားပြီး လိုက်နာဆောင်ရွက်မှု လုံးဝမရှိသဖြင့် အာဆီယံက ထိပ်သီးအစည်းအဝေး များ တက်ရောက်ခွင့် ပိတ်ပင်ထားသည်။

စာတည်း-ML