နေတိုးအဖွဲ့ဝင်နိုင်ငံများ၏ အရှေ့ဘက်ခြမ်း နယ်နိမိတ်တွင် ဒရုန်းကာကွယ်ရေးများကို စမ်းသပ်စစ်ဆေးနေ

ဓာတ်ပုံ-- AFP
ပုံစာ- ဂျာမန်စစ်သားတစ်ဦး ဒရုန်းဟန့်တားရေး လေ့ကျင့်ခန်းတစ်ခုကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၆ ရက်က ဟမ်းဘာ့ဂျ်မြို့၌ ပြုလုပ်နေစဉ်

DW

ရုရှား၏ ခြိမ်းခြောက်မှုများကို တန်ပြန်ရန် နေတိုးအဖွဲ့ဝင်နိုင်ငံများ၏ နယ်နိမိတ် အရှေ့ဘက်ခြမ်းဒေသများတွင် ဒရုန်းကာကွယ်ရေးစနစ်များကို စမ်းသပ်စစ်ဆေးနေကြောင်း အဖွဲ့၏ အကြီးအကဲ မတ်ခ် ရုတေးက အောက်တိုဘာ ၁၅ ရက်တွင် ပြောကြားလိုက်သည်။

ဘရပ်ဆဲလ်မြို့တွင် ပြုလုပ်ခဲ့သည့် နေတိုးကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးအပြီးတွင် ရုတေးက “နေတိုးအဖွဲ့ဟာ ဒရုန်းများကို တန်ပြန်တိုက်ခိုက်နိုင်စွမ်းကို တည်ဆောက်ပေးမယ့်၊ ချဲ့ထွင်ပေးမယ့်နဲ့ အရှိန်မြှင့်ပေးမယ့် ထပ်ဆောင်း ဒရုန်းတန်ပြန်အစီအမံ အများအပြားကို အကောင်အထည်ဖော်သွားမှာပါ” ဟု ပြောကြားခဲ့သည်။

“လေကြောင်းရန် ခြိမ်းခြောက်မှုများကို ထောက်လှမ်းရန်၊ ခြေရာခံရန်နှင့် ပျက်ပြယ်အောင်လုပ်ဆောင်ရန် ကူညီပေးမယ့် ပေါင်းစပ်ထားတဲ့ စနစ်များ (integrated systems) ကို ကျွန်တော်တို့ စမ်းသပ်နေပါတယ်” ဟုလည်း ၎င်းက ပြောကြားသည်။

ပိုလန်၊ အက်စ်တိုးနီးယားနှင့် ဥရောပသမဂ္ဂ (EU) လေပိုင်နက်အတွင်းသို့ ရုရှားဒရုန်းများ ထိုးဖောက်ဝင်ရောက်လာမည့် ခြိမ်းခြောက်မှုကို တန်ပြန်ရန် ဒရုန်းတံတိုင်း (Drone Wall) တစ်ခုကို ထူထောင်ရန်လည်း ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိသည်။

ဥရောပရှိ လေဆိပ်များစွာတွင် ဒရုန်းများ မြင်တွေ့ရမှုကြောင့် လေယာဉ်ခရီးစဉ်များကို ယာယီ ရပ်ဆိုင်းခဲ့ရမှုများလည်း ရှိခဲ့သည်။

“ကျွန်တော် တစ်ခွန်းတည်း အပြီးသတ် ပြောပါရစေ၊ အီးယူနဲ့ နေတိုးတို့ဟာ လက်တွဲပြီး နီးနီးကပ်ကပ် အတူတကွ လုပ်ဆောင်နေကြပြီး၊ ကျွန်တော်တို့ နှစ်ဦးစလုံးက ကျွန်တော်တို့ရဲ့ အားသာချက်ကို သိရှိကြပါတယ်” ဟုလည်း ရုတေးက ပြောကြားခဲ့သည်။

နေတိုးအုပ်စုသည် အဆိုပါ ဖြစ်စဉ်များ ဖြစ်ပွားပြီးနောက် ကာကွယ်ရေး အစီအစဉ်သစ် တစ်ခုကို စတင်ခဲ့ပြီး ၎င်း၏ တပ်ဖွဲ့များကို အင်အားဖြည့်တင်းခဲ့သော်လည်း ရုရှားနှင့် နီးစပ်သော အချို့နိုင်ငံများက ပိုမိုခိုင်မာသော တုံ့ပြန်မှုကို တောင်းဆိုနေကြသည်။

ဥရောပကော်မရှင် သည်လည်း ၂၀၂၇ ခုနှစ်ကုန်တွင် အပြည့်အဝ အသက်ဝင်စေလိုသည့် ဒရုန်းတန်ပြန်ရေး စီမံချက်အသစ် တစ်ခုကို အဆိုပြုရန် ပြင်ဆင်နေကြောင်း သတင်းအေဂျင်စီများက ရရှိသော စာရွက်စာတမ်းတစ်ခုအရ သိရှိရသည်။