မန္တလေးတိုင်း၊ မြင်းခြံမြို့ပေါ်တွင် စစ်လာရှောင်ကြသည့် အိမ်ငှားများကို ရပ်ကွက်အုပ်ချုပ်ရေးမှူးက မဲပေးရန်အတွက် အိမ်ထောင်စုစာရင်းသစ် လျှောက်ခိုင်းနေကြောင်း သိရသည်။
အောက်တိုဘာ ၁၃ရက်မှစ၍ မြင်းခြံမြို့၊ အမှတ် ၁၀ ရပ်ကွက်၌ နေထိုင်နေကြသည့်အိမ်ငှားများကို မြို့ပေါ် အိမ်ထောင်စုစာရင်းဝင် မဟုတ်ပါက စာရင်းပြောင်းထည့်ကာ လာမည့်ရွေးကောက်ပွဲတွင် ယင်းရပ်ကွက်မှ မဲပေးရန် ဖိအားပေးနေခြင်းဖြစ်သည်။
” ခုတော့ အမှတ် ၁၀ရပ်ကွက်ပဲ။ တခြားရပ်ကွက်တွေမှာတော့ မကြားရသေးဘူး။ မဲပေးကာလ အတွင်းမှာ ဒီမှာပဲ မဲပေးလို့ရအောင် နဂိုနေတဲ့ဒေသက ပုံစံ ၆၆ ကို ယူ၊ ဒီမှာစာရင်းထည့်ပေါ့။ မဲပေးကာလပြီးရင် အရင်အိမ်ထောင်စုနေရာ ပြန်ပြောင်းပေးမယ်။ အဲလိုမျိုးပေါ့။ အိမ်ငှားတွေကကျ စစ်ရှောင်တွေပဲပေါ့ ” ဟု မြင်းခြံမြို့သတင်းရင်းမြစ်က MPA ကို ပြောသည်။
ယင်းအိမ်ငှားများကို အိမ်ထောင်စုစာရင်း ပြောင်းရန် ဖိအားပေးနေခြင်းသာရှိပြီး မပြောင်းပါက မည်သို့ အရေးယူမည်ဟု အတိအကျပြောကြားခြင်း မရှိသေးပေ။
” အိမ်ငှားတွေက သူတို့ပေးစေချင်တဲ့နေရာမှာ ( မဲ ) ပေးရမှာလား။ မပေးရင် ရပ်ကွက်ထဲ မနေရမှာ လည်း ကြောက်တယ်။ ပေးလိုက်ရင်လည်း ကိုယ်အရင်နေခဲ့တဲ့ ကျေးရွာတွေမှာ မဲမပေးလို့ဆိုပြီး အဲဒီရွာက အုပ်ချုပ်ရေးတွေနဲ့ ပြဿနာတက်မှာ ကြောက်တယ်။ အဲဒီလိုဖြစ်နေတာ ” ဟု ၎င်းကဆက်လက်ပြောသည်။
မြင်းခြံမြို့ကို ရပ်ကွက် ၂၀ဖြင့် ဖွဲ့စည်းထားပြီး အိမ်ခြေ ၁၇၀၀၀ ကျော်ရှိကြောင်း မြင်းခြံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ၂၀၁၉ခု၊ အောက်တိုဘာ၌ ထုတ်ပြန်ထားသည်။
ဒီဇင်ဘာ ၂၈ရက်၊ တရားမဝင် ရွေးကောက်ပွဲအပိုင်း၁ ပြုလုပ်မည်ဆိုသော မြို့နယ်များထဲတွင် မြင်းခြံမြို့နယ် မပါသေးပေ။
စာတည်း-ML
