သီပေါမြို့ကို စစ်ကော်မရှင် ထပ်မံသိမ်းပိုက် TNLA လက်လွှတ်ခဲ့ရသည့် မြို့ သုံးမြို့ထိရှိလာ

ဓာတ်ပုံ-MPA
ပုံစာ- သီပေါမြို့အဝင်အားတွေ့ရစဉ်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့ကို စစ်ကော်မရှင်က ထပ်မံသိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း မြေပြင်သတင်းရင်းမြစ်များထံမှ စုံစမ်းသိရှိရသည်။

ယနေ့(အောက်တိုဘာ ၁၅ရက်)၊ ညနေပိုင်းတွင် စစ်ကော်မရှင်တပ်က သီပေါမြို့အတွင်းထိ ဝင်ရောက်နိုင်ခဲ့ခြင်းဖြစ်ပြီး တအာင်းတပ်(TNLA) ဘက်က နောက်ဆုတ်ပေးလိုက်ရကြောင်း သိရသည်။

“စစ်တပ်က မြို့ထဲရောက်နေပြီ၊ ကျတော်တို့ဘက်ကတော့ အတတ်နိုင်ဆုံး ခုခံခဲ့တယ်။ ဒါပေမဲ့ အခြေအနေအမျိုးမျိုးကြောင့် နောက်ဆုတ်ပေးလိုက်ရတယ်။ ထိခိုက်မှုကတော့ နှစ်လက်လုံး ထိခိုက်မှုရှိတယ်” ဟု မြေပြင်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

စစ်ကော်မရှင်တပ်သည် ယမန်နေ့က သီပေါမြို့အနီးရှိ ဘော်ကြိုကျေးရွာကိုသိမ်းပိုက်ပြီးနောက် အနီးအနားရှိ ကျေးရွာ ခြောက်ရွာထက်မနည်းကို လေကြောင်းအသုံးပြုပြီး ဗုံးအလုံး ၅၀နီးပါးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သေးသည်။

ထို့ပြင် ယနေ့တွင်လည်း စစ်ကောင်စီက သီပေါမြို့နယ်၊ စံဖိတ်ကျေးရွာကို ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံအမျိုးသမီး ဗုံးစထိမှန်ကာ ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်း သိရသည်။

“ စစ်တပ်က မြို့ထဲရောက်နေပြီး တအာင်းတပ်တွေလည်း တဖြည်းဖြည်းနောက်ဆုတ်ပေးလိုက်ရတဲ့ အခြေအနေတွေ့တယ်။ စစ်တပ်ဘက်တော့ လေကြောင်းတိုက်ခိုက်မှုဆက်တိုက်လုပ်နေတော့ ပြန်ပေးလိုက်တဲ့ သဘောရှိတယ်လို့ ထင်တယ်”ဟု သီပေါမြို့ ခံ အမျိုးသားတစ်ဦးက ပြောသည်။

စစ်ကော်မရှင်သည် သီပေါမြို့ကို ပြန်လည် သိမ်းပိုက်နိုင်ရန်အတွက် မြေပြင်ထိုးစစ်အပြင် လေကြောင်းတိုက်ခိုက်မှုကို အဓိကအသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်မှုကြောင့် နှစ်ပတ်အတွင်း ဒေသခံ ၃၀ကျော်ထိ သေဆုံးခဲ့ရသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၁ရက်တွင် စစ်ကော်မရှင်သည် ကျောက်မဲမြို့ကို သိမ်းပိုက်ပြီးနောက် သီပေါမြို့ကို ဆက်လက်ထိုးစစ်ဆင်လာခြင်းဖြစ်ပြီး ၁၅ရက်အတွင်း သီပေါမြို့ကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း TNLA ထိန်းချုပ်ထားသည့် မြို့များဖြစ်သည့် နောင်ချိုမြို့ကို ဇူလိုင် ၁၆ရက်တွင် စစ်တပ်က သိမ်းပိုက်နိုင်ခဲ့ပြီး အောက်တိုဘာလတွင် ကျောက်မဲနှင့် သီပေါမြို့များကိုပါ ပြန်လည်သိမ်းပိုက်နိုင်ခဲ့ခြင်းကြောင့် ယင်းမြို့သုံးမြို့ကို သိမ်းပိုက်နိုင်ရန် စစ်ကော်မရှင်က အချိန်သုံးလသာ ယူခဲ့ရသည်။

“စစ်တပ်က မြို့ထဲရောက်လာတော့ တိုက်ပွဲက ငြိမ်သွားပြီလို့ပြောတယ်။ ကျမလည်း စစ်ရှောင်နေရတော့ အွန်လိုင်းကနေပဲ သတင်းတွေလိုက်ကြည့်နေရတယ်။ အသိမိတ်ဆွေတွေကိုမေးတော့ ငြိမ်နေတယ်လို့ပြောတယ်” ဟု သီပေါမြို့မှ စစ်ဘေးရှောင်လာသည့် အမျိုးသမီးတစ်ဦးက ပြောသည်။

TNLA ပူးပေါင်းတပ်သည် သီပေါမြို့ကို ယမန်နှစ် ၂၀၂၄ခုနှစ်၊ အောက်တိုဘာ ၁၂ရက်တွင်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။ လက်ရှိ သီပေါမြို့ကို စစ်ကော်မရှင်ထံ လက်လွှတ်ပေးလိုက်ရသည်နှင့် ပတ်သက်ပြီး TNLA ဘက်က တစ်စုံတရာ ထုတ်ပြန်ထားမှုမရှိသေးပေ။