မွန်ပြည်နယ်၊ မော်လမြိုင်မြို့ ၊ မြေနီကုန်းရပ်ကွက်၊ နတ်ရေတွင်းစာသင်တိုက်အနီးရှိ ကျူးကျော်နေအိမ်များကို လာရောက်ဖျက်ဆီးသည့် စစ်တပ်၊ ရဲနှင့် အုပ်ချုပ်ရေးပူးပေါင်းအဖွဲ့ကို ဓာတ်ပုံရိုက်ခဲ့သော မဘသ ဆရာတော်တစ်ပါးကို ဖမ်းဆီးခဲ့ကြောင်း နီးစပ်သူများထံမှ စုံစမ်း သိရှိရသည်။
ယနေ့ (အောက်တိုဘာလ ၁၅ ရက် )၊နံနက်ပိုင်းတွင် မော်လမြိုင်ဘူတာအနီးရှိ ကျူးကျော်နေအိမ်ဟုဆိုကာ စစ်ကောင်စီ တပ်၊ ရဲ၊ စည်ပင်နှင့် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနပူးပေါင်းအဖွဲ့သည် နေအိမ် ၂၀ ကျော်ကို ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။
အဆိုပါနေအိမ်များ ဖျက်ဆီးချိန်တွင် ယင်းအနီး နတ်ရေတွင်းစာသင်တိုက်မှ ဆရာတော်တစ်ပါးမှ ဓာတ်ပုံ၊ ဗီဒီယို ရိုက်ကူးနေချိန် ခရိုင်အုပ်ချုပ်ရေးမှူးဆိုသူမှ ချက်ချင်းဖမ်းဆီးရန် အမိန့်ပေးခဲ့သည်ဟု နတ်ရေတွင်းစာသင်တိုက်နှင့် နီးစပ်သူ တစ်ဦးက ပြောသည်။
“ကျူးဆိုပြီး လာဖျက်တာပေါ့၊ ပုံမှန်ပါပဲ၊ အဲဒါကို ဆရာတော်က ဓာတ်ပုံ၊ ဗီဒီယိုရိုက်တာကို ခရိုင်အုပ်ချုပ်ရေးမှူးက တွေ့တာနဲ့ ချက်ချင်းပဲ ဖမ်း၊ ဖမ်း၊ သူ့ဖုန်းကို သိမ်း၊ နေပြည်တော် ပို့ဆိုပြီး ဆရာတော်ကို ဖမ်းချုပ်လိုက်တယ်” ဟု ၎င်းက ပြောသည်။
ဖမ်းဆီးခံရသည့် ဆရာတော်သည် နတ်ရေတွင်းစာသင်တိုက် ကျောင်းထိုင်ဆရာတော်ဖြစ်ပြီး စစ်တပ်ထောက်ခံ ဆရာတော်တစ်ပါးဟု လူသိများသည်။
အဆိုပါကျောင်းထိုင်ဆရာတော်ကို ကျောင်းတိုက်အတွင်း ဖမ်းဆီးချုပ်နှောင်ထားကာ စစ်ဆေးမှုများ ပြုလုပ်နေသည့်အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ အင်အား ၅၀ ဦးထက်မနည်း ကျောင်းတိုက်၌ တပ်စွဲထားသည်။
“ဒီဆရာတော်က တော်တော်လေးကို သူတို့စစ်တပ်အတွက် လိုအပ်တာ လုပ်ပေးနေတာ၊ နာမည်ကြီးပါပဲ၊ မော်လမြိုင်မှာ လူသိတယ်။ ခရိုင်မှူးက အဲဒီဆရာတော်ကို မသိလို့ အမိန့်တွေ ပေးလိုက်တာ နေမယ်” ဟု မော်လမြိုင် မြို့ခံတစ်ဦးက ပြောသည်။
လက်ရှိ ဖမ်းဆီးခံထားရသည့် ကျောင်းထိုင်ဆရာတော်ကို ပြန်လွှတ်ပေးခြင်း ရှိ၊ မရှိ မသိရသေးပေ။
ယခုကဲ့သို့ မဘသဆရာတော် ဖမ်းဆီးခံရခြင်းနှင့်ပတ်သက်ပြီး ခရိုင်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့များကို အနယ်နယ်အရပ်ရပ်ရှိ အမျိုးသားရေး ဆရာတော်များက လူမှုကွန်ရက်စာမျက်နှာတွင် ပြင်းပြင်း ထန်ထန် ဝေဖန်နေသည်။
