တိုင်းရင်းသားခေါင်းဆောင်များအနေနှင့် မဖြစ်နိုင်တာကို လျှောက်မပြောကြရန် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကပြောသည်။
ယနေ့(အောက်တိုဘာ ၁၅ရက်) ပြုလုပ်သည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) ၁၀နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားတွင် ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်သည်။
” တိုင်းရင်းသားနဲ့ သက်ဆိုင်ရာ၊ သက်ဆိုင်ရာ ပုဂ္ဂိုလ်များကလည်း ဖြစ်နိုင်တာကိုပဲ ပြောဖို့ လုပ်ကြဖို့ ပြောချင်ပါပဲ။ မဖြစ်နိုင်တာကိုလျှောက်ပြောပြီးတော့မှ လုပ်နေလို့မရပါဘူး။ ဒါကြောင့် ကျနော်တို့ ဒါကိုလည်း ဦးတည်ချက်မှန်ကန်စွာနဲ့ လုပ်ဖို့လိုအပ်ပါတယ်။ ဒီမှာလည်း ခုနက ကျနော်တို့ တိုင်းရင်း သားတွေနဲ့ပတ်သက်ပြီး တောင်းဆိုချက်တွေလုပ်တဲ့အခါမှာ နိုင်ငံရေးစင်မြင့်ဖြစ်တဲ့ လွှတ်တော်ပေါ်မှာ ပြောနိုင်တာအကောင်းဆုံးဖြစ်ပါတယ်” ဟု အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောသည်။
သက်ဆိုင်ရာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကလည်း ရွေးကောက်ပွဲတွင် ပူးပေါင်း ပေးကြဖို့ ပြောကြားခဲ့သလို တိုင်းရင်းသားများ၏ ဆန္ဒနှင့်လိုလားချက်များကို ဒီမိုကရေစီနည်းလမ်းတကျဆောင်ရွက်ပေးနိုင်ရန် နိုင်ငံရေးစင်မြင့်ဖြစ်သည့် လွှတ်တော်ထဲသို့ အမျိုးသား၊ တိုင်းရင်းသားကိုယ်စားလှယ်များ စုံစုံညီညီရောက်ရှိလာဖို့လည်း လိုအပ်ကြောင်း ၎င်းကပြောသည်။
“ဒါမှသာ လူမျိုးစုအလိုက် လိုလားချက်တွေ ရည်မှန်းချက်တွေကို ပွင့်လင်းမြင်သာစွာဆွေးနွေးပြီး စုပေါင်းဆုံးဖြတ် အကောင်ထည်ဖော်နိုင်မှာလည်းဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
လာမည့် ၂၀၂၈ခုနှစ်တွင် မြန်မာနိုင်ငံလွတ်လပ်ရေးရရှိခဲ့ခြင်း နှစ် ၈၀ပြည့်တော့မည်ဖြစ်သော်လည်း လွပ်လပ်ရေး၏အရသာကို အပြည့်အဝမခံစားရကြောင်း၊ လွတ်လပ်ရေးရပြီးကတည်းက ပြည်တွင်း၊ ပြည်ပ ပယောဂအမျိုးမျိုးကြောင့် တိုင်းရင်းသား ပြည်သူများ ဆင်းရဲဒုက္ခမျိုးစုံနှင့် ကြုံတွေခဲ့ရ ကြောင်းလည်း ၎င်းကပြောသည်။
ထို့ပြင် အိမ်နီးချင်းနိုင်ငံများအပါအဝင် တည်ငြိမ်းအေးချမ်းပြီး တိုးတက်သည့် နိုင်ငံများနှင့် မြန်မာနိုင်ငံကို နှိုင်းယှဉ်ကြည့်လျှင် နောက်ကျကျန်ခဲ့ပြီး ယင်းသို့နောက်ကျကျန်ခြင်း၏ အဓိက အားနည်းချက်မှာ နိုင်ငံသားများအနေနှင့် အသိပညာ၊ အတတ်ပညာ၊ အတန်းပညာအားနည်းနေခြင်းကြောင့်ဖြစ်ကြောင်းလည်း ဆိုသည်။
