စစ်တပ်က ဖမ်းဆီးသွားသော ခရမ်းမြို့ပေါ် အုပ်ချုပ်ရေးမှူး ၂ ဦးမှာ ရက် ၂၀ ကြာသည့်တိုင် သတင်း အစအနပင်မရဘဲ ပျောက်ဆုံးနေကြောင်း သိရသည်။
ရန်ကုန်တောင်ပိုင်းခရိုင်၊ခရမ်းမြို့၊ ၁ ရပ်ကွက်အုပ်ချုပ်ရေးမှူး အောင်ကိုစံနှင့် ၃ ရပ်ကွက်အုပ်ချုပ်ရေး မှူး တင်မောင်ကြည်တို့ကို စက်တင်ဘာ၂၅ရက်တွင် လာဘ်စားမှု၊ ငွေအလွဲသုံးစားလုပ်မှုနှင့် စာရင်းဖျောက်ဖျက်မှုတို့ဖြင့် စစ်တပ်က ဖမ်းဆီးသွားသည်ဟု သတင်းထွက်ပေါ်ခဲ့ပြီး ယနေ့အထိ သေသလား၊ရှင်နေသေးသ လားပင် မသိရဘဲ ပျောက်ဆုံးနေကြောင်း ဒေသတွင်း နွေဦးတော်လှန်ရေးစာမျက်နှာ ခရမ်းချန်နယ်က ဆိုသည်။
“ဖမ်းထားတဲ့အုပ်ကြီးတွေက ဘယ်ရောက်နေမှန်းတောင်မသိပါဘူး။ အဆက်အသွယ်လည်း လုပ်လို့မရဘူး။ မိသားစုကိုပင် ပေးမသိတာပါ”ဟု ဖမ်းဆီးခံအုပ်ကြီးတစ်ဦး၏ မိသားစုဝင်တစ်ဦးက ပြောကြောင်း ခရမ်းချန်နယ်က ဖော်ပြသည်။
ခရမ်းစစ်ကော်မရှင်က လစ်လပ်နေသော ၃ရပ်ကွက်အုပ်ချုပ်ရေးမှူးနေရာတွင် လူစားထိုးခန့်အပ်ထား ပြီး ၁ရပ်ကွက်အုပ်ချုပ်ရေးမှူးအသစ် ခန့်အပ်ရန်မူ ရွေးချယ်နေဆဲဖြစ်ကြောင်း ခရမ်းချန်နယ်က ဆိုသည်။
“အခုက အုပ်ကြီးအသစ်တွေခန့်နေပြီဆိုတော့ အဖမ်းခံရတဲ့ ၂ယောက်က အနည်းဆုံးအဆင့် ထောင် ထဲရောက်မယ့်ကိန်းပဲ။အခု မိသားစုတောင် ဘာသတင်းမှ မကြားတော့ လက်လွန်သွားသလားပေါ့။ အုပ်ကြီးအဆင့်လောက်ကတော့ စစ်တပ်က တစ်ရစ်မှမရှိတဲ့ကောင် ရိုက်သတ်လည်း ဘာမှအရေး ယူမခံရနိုင်ဘူး”ဟု ခရမ်းမြို့ထိပ်နေ ပြည်သူတစ်ဦးက MPAသို့ပြောသည်။
ယင်းအုပ်ချုပ်ရေးမှူး၂ဦးသည် ရပ်ကွက်နေပြည်သူများထံမှ စစ်မှုထမ်းကြေး ပိုမို ကောက်ခံနေကြောင်း တိုင်ကြားခံရသဖြင့် စစ်တပ်က ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု သတင်းထွက် ပေါ်ခဲ့သည်။
ခရမ်းမြို့တွင် စစ်မှုထမ်းအကျုံးဝင် ယောကျာ်းလေးရှိသည့် အိမ်ကို တစ်ဦးရှိလျှင် အနည်းဆုံး ကျပ်၄သောင်းမှ ၆သောင်းအထိ ကောက်ခံပြီး စစ်မှုထမ်းအကျုံးဝင် ယောကျာ်းလေး၂ဦးရှိပါက ၂ ဆပေးရကြောင်း စစ်မှုထမ်းအကျုံးဝင် ယောကျာ်းလေး မရှိသည့်အိမ်များလည်း တစ်လလျှင် ကျပ်၂သောင်း ပေးရကြောင်း ခရမ်းချန်နယ်မှ တာဝန်ရှိသူတစ်ဦးက MPAသို့ ပြောကြားထားသည်။
ခရမ်းတွင် လစဉ် စစ်မှုထမ်းကြေး ကောက်ခံပြီး ပေါ်တာမဆွဲကြောင်း သိရသည်။
