ရေးမြောက်ပိုင်းကို အင်အား ငါးရာဖြင့် စစ်ကော်မရှင် စစ်ကြောင်းထိုးနေ

ဓာတ်ပုံ - MSRF

မွန်ပြည်နယ်၊ ရေးမြို့နယ် မြောက်ပိုင်းတွင် စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်တပ်နှင့် တော်လှန်ရေးပူးပေါင်း တပ်တို့ တိုက်ပွဲပြင်းထန်နေကြောင်း မွန်ပြည်တော်လှန်ရေးတပ် MSRF က သတင်းထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၁၀ ရက်က အင်အား ငါးရာခန့်ပါသည့် စစ်ကော်မရှင်သည် စစ်ကြောင်း ၃ ကြောင်းခွဲပြီး ရေးမြို့နယ် မြောက်ပိုင်းကို စစ်ကြောင်းထိုးလာခဲ့ခြင်း ဖြစ်သည်။

“ရေးမြောက်ပိုင်းမှာတော့ တိုက်ပွဲထိတွေ့မှု ခပ်စိပ်စိပ် ဖြစ်နေတာ ရှိတယ်၊ ရန်သူဘက်က နယ်မြေရှင်းလင်းရေး ပုံစံမျိုးနဲ့ တက်လာတယ်။ ထိတွေ့မှု ဖြစ်ပြီးတော့ ရန်သူစစ်ကြောင်းက လန်ကျသွားတယ်” ဟု မွန်ပြည်ဖက်ဒရယ် ကောင်စီ MSFC ကာကွယ်ရေးဌာနမှူး နိုင်တလနိုင်က MPA သို့ ပြောသည်။

အဆိုပါစစ်ကြောင်းသုံးကြောင်းသည် ကွမ်ကျိုက်၊ ကနင်ကမော့၊ အောင်သာယာ၊ လိမ္မော်ခြံ အစရှိသည့် ကျေးရွာများမှတဆင့် ပတ်ပတ်လည်စစ်ကြောင်းထိုးနေခြင်း ဖြစ်သည်။

စစ်ကြောင်းထိုးလာသည့် စစ်တပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့အကြား အောက်တိုက်ဘာလ ၁၀ ရက်မှ ၁၂ ရက်အတွင်း တိုက်ပွဲ ၅ ကြိမ်ထက်မနည်းဖြစ်ပွားခဲ့သည်ဟု မွန်ပြည်တော်လှန်ရေးတပ် MSRF က သတင်း ထုတ်ပြန်ထားသည်။

“သူတို့ရဲ့စစ်ကြောင်း ရေးမြောက်ပိုင်းကို ဝိုက်ပြီး ဝင်နေတာ၊ ပဆောက်ပုံစံလေ၊ အဲဒီလိုမျိုး ထိုးနေတာ” ဟု မြေပြင်ရဲဘော်တစ်ဦးက ပြောသည်။

၃ ရက်တာ ဖြစ်ပွားခဲ့သည့်တိုက်ပွဲအတွင်း စစ်အုပ်စုဘက်က အရာရှိအပါအဝင် ၁၂ ဦးသေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း MSRF ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိ စစ်ကြောင်းထိုးနေသည့် စစ်အုပ်စုတပ်ဖွဲ့ဝင်များသည် မူးယစ်ဆေးဝါးအသုံးပြုထားသူများ ပါဝင်နေပြီး အချို့မှာ ပုံမှန်အခြေအနေမဟုတ်သည်များကို တွေ့မြင်နေရကြောင်း အထက်ပါရဲဘော်က ပြောသည်။

ထို့အပြင် စစ်ကြောင်းထိုးရာ လမ်းတလျှောက်တွင် ဒေသခံများအပါအဝင် အရပ်သားများကို ဖမ်းဆီးမှုများ ရှိနေပြီး ယင်းဖမ်းဆီးခဲ့သည်အရပ်သားများကို လူသားဒိုင်းအဖြစ် အသုံးချနေသည်ဟု ဆိုသည်။

“ကနင်ကမော့ဘက်မှာဆို ဖမ်းသွားတာ ရှိတယ်။ အပြင် မထွက်ကြရဲဘူး၊ သူတို့(စစ်သား)တွေ ကားလမ်းမှာ အများကြီးတွေ့နေရတယ်၊ အခုတလော တိုက်ပွဲဖြစ်နေတာ ကြားတယ်။ ကိုယ်သွားလို့ သူတို့စစ်သားနဲ့ တွေ့ရင် ဖမ်းခံရမယ်” ဟု နှစ်ကရင်ရွာခံအမျိုးသမီးတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလအတွင်း မွန်ပြည်နယ်တွင် စစ်တပ်စစ်ကြောင်းထိုးပြီး ဖမ်းဆီးခံရသည့် အရပ်သား ၅၀ ထက်မနည်း ရှိခဲ့ပြီး ပြန်လည်လွတ်မြောက်ရန် ငွေကျပ် ၂ သိန်းမှ သိန်းဆယ်ချီ ပေးဆောင်ခဲ့ရကြောင်း ဒေသခံအချို့ ပြန်ပြောသည်။

ယခုကဲ့သို့ စစ်ကော်မရှင်က အရပ်သားများကို ဖမ်းဆီးခြင်း၊ လူသားဒိုင်းအဖြစ် အသုံးပြုခြင်းများရှိနေသည့်အတွက် စစ်ရေးသတိရှိကြရန်နှင့် သတိထားသွား လာကြရန် တော်လှန်ရေးအင်အားစုများက တိုက်တွန်းထားသည်။

လက်ရှိ စစ်ကော်မရှင်တပ်သည် မော်လမြိုင်-ရေး အမှတ်(၈)ပြည်ထောင်စုလမ်းမကြီးနှင့် ဘေးအနီးတဝိုက် ကျေးရွာ များတွင် ကင်းပုန်းဝတ်ကာ အင်အားဖြည့်တင်းမှုများ လုပ်ဆောင်နေပြီး နှစ်ဖက်စစ်ရေး ဆက်လက် တင်းမာနေဆဲ ဖြစ်သည်။

“ရွေးကောက်ပွဲမတိုင်ခင် နယ်မြေရှင်းလင်းရေးလို့ သုံးသပ်လို့ရတယ်။ ဒီလမ်းမတလျှောက် ရွာတွေမှာ ရေးနဲ့ သံဖြူဇရပ်မြို့နယ်တောင်ပိုင်းက ရွာတွေမှာ ရွေးကောက်ပွဲလုပ်ငန်းအကောင်အထည်ဖို့အတွက် ကျွန်တော်တို့ စိုးမိုးနေတဲ့တပ်တွေကို ရှင်းထုတ်ချင်တာ၊ နောက်တစ်ခုက သကော့နဲ့ အနန်းကွင်းဗျူဟာထဲကို အင်အားဖြည့်တင်းဖို့ ဖြစ်တယ်” ဟု မွန်ပြည်ဖက်ဒရယ် ကောင်စီ MSFC ကာကွယ်ရေးဌာနမှူး နိုင်တလနိုင်က ပြောသည်။

လက်ရှိ စစ်ကော်မရှင်သည် ဒရုန်းများဖြင့် ကင်းထောက်မှုများ ပြုလုပ်ပြီး တော်လှန်ရေးတပ်များရှိနိုင်သည့် ကျေးရွာများ ဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ လုပ်ဆောင်နေသည့်အတွက် ဒေသခံပြည်သူများအကြား စိုးရိမ်မှုများ မြင့်တက် နေကြောင်း ၎င်းက ဆက်ပြောသည်။