ဘင်္ဂလားဒေ့ရှ်မြို့တော် စက်ရုံမီးလောင်မှုကြောင့် သေဆုံးသူ ၁၆ ဦးအထိရှိ

ဓာတ်ပုံ- REUTERS
ဓာတ်ပုံ - ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်၊ ဒါကာမြို့ရှိ အထည်ချုပ်စက်ရုံတစ်ခုနှင့် ဓာတုပစ္စည်းဂိုဒေါင်တစ်ခု၌ မီးလောင်နေစဉ် အဆောက်အအုံမှ မီးခိုးများ ထွက်ပေါ်နေသည်ကို တွေ့ရစဉ်

ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော်ဒါကာရှိ အထည်ချုပ်စက်ရုံတစ်ခုနှင့် ဓာတုပစ္စည်းဂိုဒေါင်တစ်ခုတွင် အောက်တိုဘာ ၁၄ ရက်က မီးလောင်မှုကြောင့် အနည်းဆုံး လူ ၁၆ ဦး သေဆုံးခဲ့သည်ဟု မီးသတ်နှင့် အရပ်ဘက်ကာကွယ်ရေးဌာနက ပြောကြားခဲ့သည်။

ဒါကာမြို့ မီရ်ပူရပ်ကွက်တွင် ဖြစ်ပွားခဲ့ပြီး ၇ထပ်ရှိသော အထည်ချုပ်အဆောက်အအုံ မီးလောင်မှုတွင် သေဆုံးသူ များပြားရခြင်းမှာ အဆိပ်ငွေ့နှင့် ခေါင်မိုးပေါ်တက်သည့် တံခါးကို ပိတ်ထားခြင်းတို့ကြောင့်ဖြစ်ကြောင်း မီးသတ်အရာရှိတစ်ဦးက ယနေ့အောက်တိုဘာ ၁၅ ရက်တွင် ပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ် သည် တရုတ်နိုင်ငံပြီးနောက် ကမ္ဘာ့ဒုတိယအကြီးဆုံး အထည်ချုပ်လုပ်ငန်းများပြားသည့် နိုင်ငံဖြစ်ပြီး အမျိုးသမီးအများစုပါဝင်သည့် အလုပ်သမား ၄ သန်းခန့်ကို အလုပ်အကိုင်ပေးထားသည်။

ယခုဖြစ်စဉ်၌ သေဆုံးသူ ၁၆ ဦး အပြင် အများအပြားလည်း စိုးရိမ်ရ ဒဏ်ရာများရရှိခဲ့သည်။

၂၀၁၂ ခုနှစ်နှင့် ၂၀၁၃ ခုနှစ်တို့တွင် ဖြစ်ပွားခဲ့သော ဘေးအန္တရာယ်များသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ စက်မှုလုပ်ငန်း ဘေးကင်းရေးဆိုင်ရာ ဆိုးရွားသော မှတ်တမ်းကို ဖော်ပြခဲ့သည်။

“ခေါင်မိုးတံခါးကို ပိတ်ထားတဲ့အတွက် လူတွေဟာ လွတ်မြောက်နိုင်ခြင်း မရှိခဲ့ပါဘူး၊ သူတို့ထဲက အများစုဟာ မီးလောင်မှုကြောင့် သေဆုံးတာထက် အဆိပ်ငွေ့ ရှူမိလို့ သေဆုံးတာ ဖြစ်ပါတယ်” ဟု မီးသတ်ဌာန အရာရှိ တာလ်ဟာ ဘင် ဂျာရှင် က ပြောကြားသည်။ “

“သိုလှောင်ထားတဲ့ ဓာတုပစ္စည်းတွေကြောင့် မီးခိုးတွေက ရှိနေတုန်းပဲ၊ အဲဒီ အဆိပ်ငွေ့တွေက မီးကို ထိန်းချုပ်ဖို့ ခက်ခဲစေပါတယ်” ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

အစိုးရသည် မီးလောင်ကျွမ်းရသည့် အကြောင်းရင်းကို ဆုံးဖြတ်ရန်နှင့် ဘေးကင်းရေးဆိုင်ရာ ပေါ့ဆမှုများအတွက် တာဝန်ရှိသူများကို ဖော်ထုတ်ရန် စုံစမ်းစစ်ဆေးမှုတစ်ခုကို စတင်လုပ်ဆောင်လျက်ရှိသည်။

အာဏာပိုင်များက ဘေးကင်းရေး ကြိုတင်ကာကွယ်မှုအဖြစ် ပတ်ဝန်းကျင်ရှိ စက်ရုံအားလုံးကို ယာယီပိတ်ထားရန် နောက်ပိုင်းတွင် အမိန့်ပေးခဲ့သည်။

ကမ္ဘာ့ဒုတိယအကြီးဆုံး အထည်အလိပ်တင်ပို့သူဖြစ်သည့် ဘင်္ဂလားဒေ့ရှ်သည် Walmart၊ Gap နှင့် H&M ကဲ့သို့သော လက်လီရောင်းချသူကြီးများအတွက် အဝတ်အထည်များကို ထုတ်လုပ်ပေး လျက်ရှိသည်။

အဆိုပါ လုပ်ငန်းမှ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ဘီလီယံ ၄၀ ခန့် ရရှိကာ နိုင်ငံ၏ ဂျီဒီပီ (GDP) ဆယ်ပုံတစ်ပုံကျော်ကို ထုတ်လုပ်ပေးနေသည်။

လူဦးရေ ထူထပ်သော ဒါကာမြို့တွင် မီးလောင်မှုများသည် မကြာခဏ ဖြစ်ပွားလေ့ရှိပြီး များသောအားဖြင့် ဝါယာကြိုးချို့ယွင်းမှု၊ ဓာတ်ငွေ့ယိုစိမ့်မှု သို့မဟုတ် ဓာတုပစ္စည်းများကို ဘေးကင်းမှုမရှိဘဲ သိုလှောင်ခြင်းတို့ကြောင့် ဖြစ်သည်။

၂၀၂၁ ခုနှစ်တွင် အလားတူ မီးလောင်မှုတစ်ခုသည် အစားအစာထုတ်လုပ်သည့် စက်ရုံတစ်ခုတွင် ဖြစ်ပွားခဲ့ပြီး ၅၄ ဦး သေဆုံးခဲ့သည်။

၂၀၁၉ ခုနှစ်တွင်လည်း မြို့တော်၏ မြို့ဟောင်းရပ်ကွက်၌ မီးလောင်မှုတစ်ခုကြောင့် အနည်းဆုံး လူ ၇၀ သေဆုံးခဲ့သည်။