မကွေးတိုင်း၊ ပခုက္ကူမြို့နယ်တွင် ရိက္ခာယူပြီးပြန်လာသည့် စစ်သားများကို စစ်တပ်စခန်း၂ခုကြား၌ PDFတို့ ဖြတ်တိုက်ခဲ့ရာ ၆ဦးသေဆုံးကြောင်းသိရသည်။
အောက်တိုဘာ ၁၅ရက်၊ မွန်းလွဲ ၁နာရီ ၂၃မိနစ်ခန့်တွင် ပခုက္ကူလေယာဉ်ကွင်းမှ ရိက္ခာယူပြီး မြောက်လူးကန်ရွာစစ်တပ်အထိုင်စခန်းသို့ ပြန်လာသည့် စစ်သားယောက် ၂၀ခန့်ကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ပစ်ခတ်မှု ၁၅မိနစ်ခန့်ကြာခဲ့ကြောင်း Southern YSO PDF ကသတင်းထုတ်ပြန်သည်။
” မြောက်လူးကန်ခွေးအထိုင်စခန်းနဲ့ လေယာဉ်ကွင်းအထိုင်စခန်းနဲ့က ဒါ မီတာ ၆၀၀လောက်ပဲရှိတာ။ ကျနော်တို့က ကြားထဲမှာပစ်တာပေါ့။ ရှေ့တည့်တည့်ကလည်း လေယာဉ်ကွင်းစခန်းကလည်း မီတာ ၃၀၀။ နောက်ကျော မြောက်လူးကန်စခန်းကလည်း မီတာ ၃၀၀။ အဲ့ကြားထဲမှာ ကျနော်တို့ ဝင်ပစ်တာပေါ့” Southern YSO PDF အဖွဲ့တာဝန်ခံ ကိုအောင်မောင်းက MPA သို့ပြောသည်။
တိုက်ခိုက်မှုအတွင်း စစ်သား ၆ဦး မျက်မြင်သေဆုံးပြီး မြောက်လူးကန်အထိုင်စခန်းနှင့် လေယာဉ်ကွင်းအထိုင်စခန်းမှ လက်နက်ကြီး၊လက်နက်ငယ်တို့ဖြင့် ကူပစ်ပေးခြင်းကြောင့် MA1သေနတ်တစ်လက်၊ ကျည်ဘောက် ၃ခု၊ ကျည်အတောင့် ၅၀၊ BA94 သေနတ်တစ်လက်၊ ကျည်ဘောက် ၂ခုနှင့် ကျည် ၄၅တောင့်တို့သာ သိမ်းဆည်းရရှိခဲ့ကြောင်းသိရသည်။
” ကောက်ရမှာလည်း ကျနော်တို့က ကျည်ကွယ်မျက်ကွယ်မရှိဘူး။ ပဲစိမ်းငုံတောကြီးဖြတ်သွား ရမှာဆိုတော့ ပွိုင့်ဖိုက်နဲ့ ကုတ်နေတယ်။ လက်နက်ကြီးတွေနဲ့ထုနေတဲ့ကြားမှာ ရှေ့ကိုဆက်ပြီး အရဲမကိုးလိုက်တာပေါ့။ ရနိုင်တဲ့လက်နက်ပဲကျနော်တို့ကောက်ပြီး ကျနော်တို့ ပြန်ဆုတ်ခဲ့တာပေါ့” ဟု ၎င်းက ဆက်လက်ပြောသည်။
ယင်းသို့ပြန်လည်ဆုတ်ခွာလာစဉ် ရဲဘော်တစ်ဦး ကျည်ထိမှန်ကာ မစိုးရိမ်ရဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ပစ်ခတ်မှုဖြစ်ပြီးနောက် ပခုက္ကူမြို့မှ သံပြားကာကား ၂စီးနှင့် အိမ်စီးကား ၃စီးတို့ဖြင့် စစ်သားအလောင်းများ လာသယ်သွားကြောင်းသိရသည်။
ယင်းတိုက်ခိုက်မှုကို Southern YSO PDF၊ ဒေါင်းညီနောင်၊ Yesagyo Revolution Group(YRG)၊ ပြည်သူ့အားမာန်PDF၊ King Cobraနှင့် ဒေါင်းစစ်သည်အဖွဲ့တို့ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
စစ်သားများ သေဆုံးမှုကို MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။
စာတည်း-ML
