လူချွန်လူကောင်းသီချင်းဖြင့် ပါတီမဲဆွယ်မည့်အပေါ် မြို့မငြိမ်းမိသားစု ကန့်ကွက်

ဓာတ်ပုံ - ရပ်ဝန်းသစ်
ပုံစာ - NDFပါတီ တာဝန်ရှိသူများ မြို့မအပျော်တမ်းတူရိယာအသင်းသို့ လာရောက်တွေ့ဆုံစဉ်

နိုင်ငံတော်၏ ပုံရိပ်အဖြစ် ဆရာမြို့မငြိမ်း မျှော်မှန်းရေးသားခဲ့သော လူချွန်လူကောင်း သီချင်းကို ရွေးကောက်ပွဲ မဲဆွယ်သီချင်းအဖြစ် အသုံးပြုမည့်အပေါ် မြို့မငြိမ်းမိသားစုက ကန့်ကွက်လိုက်သည်။

ယင်းသီချင်းကို ဆရာမြို့မငြိမ်း၏ အမွေဆက်ခံသော မိသားစုထံ အသိပေးခွင့်ပြုချက် ရယူခြင်းမရှိဘဲ အသုံးပြုခွင့်မရှိကြောင်း ယနေ့ ( စက်တင်ဘာ ၂ရက် ) တွင် လူမှုကွန်ရက်၌ မြို့မငြိမ်းမိသားစုက ထုတ်ပြန်သည်။

” ဖခင်ကြီးက နိုင်ငံတော်၏ ပုံရိပ်အဖြစ် မျှော်မှန်းရေးသားခဲ့သော “လူချွန်လူကောင်း” သီချင်းကို ဖခင်ကြီး၏ အမွေဆက်ခံသော မြို့မငြိမ်းမိသားစုထံ အသိပေးခွင့်ပြုချက် ရယူခြင်းမရှိဘဲ နိုင်ငံရေး စီးပွားရေးနှင့် ပတ်သက်သော အဖွဲ့အစည်းတစ်ရပ်၊ ပုဂ္ဂိုလ်တစ်စုတစ်ဖွဲ့က ၎င်းတို့ ကိုယ်ကျိုးအတွက် သီချင်းတစ်ပုဒ်လုံးကိုဖြစ်စေ၊ သီချင်း၏ စာသား တစ်စိတ်တစ်ပိုင်းကိုဖြစ်စေ အသုံးပြုခြင်း၊ သီဆိုခြင်း ၊ဖြန့်ဝေခြင်း၊ လွှင့်ထုတ်ခြင်းများကို သီချင်း၏ မူပိုင်ရှင်ဖြစ်သော မြို့မငြိမ်းမိသားစုက ကန့်ကွက် ကြောင်း ကြေညာအပ်ပါသည်” ဟု ဆိုသည်။

ထို့ပြင် မြို့မအပျော်တမ်းတူရိယာအသင်း၏ တာဝန်ရှိသူများအနေနှင့်လည်း မြို့မငြိမ်း၏ သီချင်းများကို အသင်းက လက်ခံတီးမှုတ်သော ဧည့်ခံဖျော်ဖြေပွဲများတွင် သီဆိုတီးမှုတ်ခြင်းများမှအပ အခြား ဂီတထုတ်လုပ်ခြင်းများ၊ အခြားနိုင်ငံရေး၊ စီးပွါးရေး အဖွဲ့အစည်းများ၏ အကျိုးစီးပွါးအတွက် အသုံးပြုခြင်းများကို မိသားစု၏ သဘောတူခွင့်ပြုချက်မရဘဲ ပေးအပ် ရောင်းချခွင့် မရှိကြောင်းလည်း ဖော်ပြထားသည်။

ဩဂုတ်လ၂၉ရက်နေ့ နံနက်ပိုင်းတွင် လူချွန်လူ‌ကောင်းသီချင်းအပါအဝင် သီချင်းအချို့ ကို တရားမဝင်ရွေးကောက်ပွဲဝင်မည့် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ(NDF)တာဝန်ရှိသူများက ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် အသုံးပြုခွင့်ပေးရန် မြို့မအပျော်တမ်းတူရိယာအသင်းထံ ခွင့်ပြုချက် တောင်းခံခဲ့ရာ အသင်းဥက္ကဌ ဒေါက်တာလှခိုင်က ခွင့်ပြုချက်ပေးခဲ့သည်။

အလင်္ကာကျော်စွာ မြို့မငြိမ်းသည် ၁၉၅၂ခုနှစ်တွင် ရန်ကုန်မြို့၌ ကျင်းပသော ပြည်တော်သာညီလာခံ အတွက် သီချင်းရေးစပ်ခဲ့ရာ ညီလာခံအတွက်မျှသာမဖြစ် စေဘဲ ခေတ်မီတိုးတက်သော အနာဂတ် မြန်မာနိုင်ငံတော်အတွက်အထိ အမြော်အမြင်ကြီးစွာဖြင့် လူချွန်လူကောင်းသီချင်းကို ရေးစပ်ခဲ့ခြင်းဖြစ်ကြောင်း မြို့မငြိမ်းမိသားစုက ဆိုသည်။