မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်၊ မင်းတပ် – ပခုက္ကူလမ်းပိုင်း၊ ပုံတောင်နတ်ထိပ်ရှိ လက်လွှတ်ခဲ့ရသည့် ကာကင်းစခန်းကို ပြန်လည်ရရှိရန်အတွက် စစ်ကော်မရှင်တပ်က ယနေ့နံနက်(စက်တင်ဘာ ၂ ရက်)မှစ၍ စစ်ကြောင်းထိုးနေကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရှိရသည်။
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂ ရက်၊ နံနက် ၆ နာရီမှစ၍ စစ်ကော်မရှင်တပ်က လေကြောင်းအသုံးပြု၍ ဗုံးအလုံးရေ ၃၀ ကျော် ကြဲချကာ၊ မြေပြင်၌လည်း ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ – ၂၄ မှ ထွက်လာသည့် အင်အား ၁၅၀ ဝန်းကျင်ပါရှိသည့် တပ်သားများဖြင့် စစ်ကြောင်းထိုးလှုပ်ရှားမှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
“မနက်ခင်း ၆ နာရီကနေ ၇ နာရီအထိကို ဗုံးအလုံးရေ ၃၀ ကျော် ကြဲချတာပါ။ မနက်အစောကြီး တိုက်ပွဲဖြစ်ပြီးမှ ဗုံးကြဲတာပါ။ စစ်ကော်မရှင်တပ်ဘက်က အကျအဆုံးတွေ ရှိပါတယ်။ စစ်ကြောင်း က ပုံတောင်ခြေရင်းမှာ ရှိသေးတယ်” ဟု ဒေသခံတော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက MPA သို့ ပြောသည်။
အဆိုပါ စစ်ကော်မရှင်စစ်ကြောင်း ဝင်ရောက်နေမှုကြောင့် ပေါက်မြို့နယ်ဘက်ခြမ်းရှိ ကျောက်တံခါး၊ ကျောက်မဲတောင်၊ အုန်းမှင်၊ ထန်းပင်ချောင်၊ မန်ကျည်းကုန်းကျေးရွာအပါအဝင် ကျေးရွာငါးရွာထက်မနည်းက ဒေသခံ ၃၀၀၀ ကျော်ဝန်းကျင် စစ်ရှောင်နေကြရပြီး၊ စစ်ကြောင်းထိုးနေစဥ်အတွင်း နေအိမ်များကို မီးရှို့ဖျက်ဆီးမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
“နတ်ထိပ်နဲ့ အစပ်မှာ နေကြတဲ့ ရွာတွေက အကုန်ရှောင်နေကြရပါတယ်။ တချို့ကလည်း နှစ်ထပ်ကွမ်းစစ်ရှောင်တွေပေါ့။ ဒေသခံတွေရော ပြေးနေကြရတာ။ ထီးလင်းဘက်အခြမ်းကတော့ အေးဆေးပါသေးတယ်” ဟု ပေါက်မြို့နယ်၊ ကျောက်တံခါးကျေးရွာမှ ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။
၂၀၂၅ ခုနှစ်၊ မေ ၂၄ ရက်၌ တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်ထားသည့် ထီးလင်းမြို့နယ်၊ ကျင်းကျေးရွာရှိ ကာကင်းစခန်းကို ပြန်လည်ရရှိရန်အတွက် ယခုကဲ့သို့ စစ်ကြောင်းထိုးလာခြင်း ဖြစ်နိုင်ကြောင်း ဒေသခံများက ဆိုသည်။
“ကျောက်ထုအမြောက်တပ်ထဲကလည်း ကျောက်ထုမြို့အဝင်၊ အထွက်နဲ့ ပန်းဆန်ရွာလောက်ထိ ထွက်နေတယ်။ ပေါက်ဘက်က စစ်ကြောင်းကလည်း ကျောက်ထုနဲ့ ထီးလင်း တစ်ခုခုဘက် ဦးတည်တယ်လို့လည်း ခန့်မှန်းရတယ်” ဟု ကျောက်ထုဒေသခံ အမျိုးသမီးတစ်ဦးက ဆိုသည်။
လက်ရှိအချိန်ထိ ဆက်သွယ်ရေး အဓိကလမ်းပိုင်းများဖြစ်သည့် ဂန့်ဂေါ – ပေါက် – ပခုက္ကူ၊ ထီးလင်း – ကျောက်ထု – ပခုက္ကူ၊ ထီးလင်း – ကျော လမ်းပိုင်းများကို ဒေသခံတော်လှန်ရေးတပ်ဖွဲ့များက ပိတ်ဆို့ထားသည်။
စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်တို့နှင့် ထိစပ်နေသည့် မကွေးတိုင်းအတွင်းရှိ ပေါက်၊ မြိုင်နှင့် ဂန့်ဂေါခရိုင်အတွင်းရှိ ကျေးရွာများမှာ ဒေသခံတော်လှန်ရေးတပ်ဖွဲ့များ အင်အားကောင်းရာ ဒေသတစ်ခုဖြစ်ပြီး၊ စစ်ကော်မရှင်တပ်က ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ဖြတ်တောက်ထားသည့် ဒေသများလည်း ဖြစ်သည်။
