ဒေါ်အောင်ဆန်းစုကြည်အပေါ် သံဃာများ၏ ယုံကြည်မှု ၈၅ ရာခိုင်နှုန်းရှိ၊ မင်းအောင်လှိုင်ကို မယုံကြည်မှု ၈၂ ရာခိုင်နှုန်းရှိဟုဆို

ဓာတ်ပုံ -လူမှုကွန်ရက်

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပေါ် သံဃာများ၏ ယုံကြည်မှုမှာ ၈၅ရာခိုင်နှုန်းရှိပြီး အမြင့်မားဆုံးဖြစ်ကြောင်း Blue Shirt စစ်တမ်းက ဖော်ပြသည်။

Blue Shirt Initiative က “စစ်ရေး၊ နိုင်ငံရေးပဋိပက္ခများနှင့် ဖရိုဖရဲလူ့အဖွဲ့အစည်းအတွင်း သံဃာ တော်များ၏ လောကအမြင်”ခေါင်းစဉ်ဖြင့် ကောက်ယူခဲ့သော စစ်တမ်းတွင် သံဃာများက အထက် ပါအတိုင်း မိန့်ခဲ့ကြကြောင်း ဖော်ပြထားပြီး အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင် လှိုင်အပေါ်တွင်မူ မယုံကြည်မှု ၈၂ရာခိုင်နှုန်းရှိကြောင်း သိရသည်။

“ဒေါ်အောင်ဆန်းစုကြည်နဲ့ မင်းအောင်လှိုင်ဆိုတာ ပြည်သူတွေရဲ့ ယုံကြည်မှု မိုးနဲ့မြေကွာတယ်ဆို တာ မင်းအောင်လှိုင်လည်း ကောင်းကောင်းသိပါတယ်။ပြီးတော့ မင်းအောင်လှိုင်မှာ နိုင်ငံရေးမနာလို စိတ်ကလည်း သိပ်ကြီးလွန်းတော့ ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာ့နိုင်ငံရေးပလက်ဖောင်းကနေ အ ပြတ်ရှင်းဖို့ အထိ ကြိုးစားနေတာ မအလ ရဲ့ မခံစားနိုင်တဲ့ မနာလိုစိတ်ကြောင့်ပဲ”ဟု ရန်ကုန်အခြေ စိုက် နိုင်ငံရေးဆောင်းပါးရှင်တစ်ဦးက MPAသို့ပြောသည်။

စစ်တမ်းတွင်ပါဝင်သော သံဃာတော်၁၀ပါးတွင် ၈ပါးက ဒေါ်အောင်ဆန်းစုကြည်အပေါ် ယုံကြည်မှု ရှိ သည်ဟု ဖြေကြားကြပြီး သံဃာတော်ထက်ဝက်ခန့်ကလည်း NUGအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလ အပါအဝင် အခြားအတိုက်အခံအင်အားစုများအပေါ် ယုံကြည်မှုရှိသည်ဟု ဖြေကြားကြကြောင်း Blue Shirt Initiative ကဆိုသည်။

NUGယာယီသမ္မတ ဒူဝါလရှီးလအပေါ် သံဃာများ၏ ယုံကြည်မှု ၆၁ရာခိုင်နှုန်းရှိကြောင်း သိရသည်။

Blue Shirt Initiative သည် ၂၀၁၄ခုနှစ်၊ဒီဇင်ဘာ၁ရက်မှ ၇ ရက်အတွင်း ဘုန်းကြီးကျောင်းနှင့် သီလရှင်ကျောင်း၂၃၇ကျောင်းမှ ရဟန်း ၅၉၅ပါးနှင့် သီလရှင်၁၂၇ ပါးတို့ကို ယခုစစ်တမ်းအတွက် လျှောက်ထားမေးမြန်းခဲ့ခြင်းဖြစ်သည်။

Blue Shirt Initiative သည် လွတ်လပ်၍ ပါတီစွဲကင်းသည့် အစိုးရမဟုတ်သော ပြည်တွင်းအရပ် ဘက် အဖွဲ့ဖြစ်ပြီး သုတေသနနှင့်ပညာရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်လျက် ရှိသည်။