ရန်ကုန်တွင် ပေါ်တာဆွဲ ဖမ်းဆီးမှုများ၌ စစ်တပ်က ငွေကြေး အဆမတန်တောင်းခံနေပြီး အသက်အန္တရာယ်ခြိမ်းခြောက်မှုများပါ လုပ်ဆောင်နေ

ရန်ကုန်မြို့လမ်းမများပေါ်တွင် စစ်မှုထမ်းအတွက် ပေါ်တာဆွဲ ဖမ်းဆီးမှုများ၌ စစ်တပ်က ငွေကြေး အဆမတန်တောင်းခံနေသည့်အပြင် အသက်အန္တရာယ်ခြိမ်းခြောက်မှုများပါ လုပ်ဆောင်နေကြောင်း ဖမ်းဆီးခံရသူ​များနှင့် နီးစပ်သူများထံမှ စုံစမ်းသိရှိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလဆန်းပိုင်းက ရန်ကုန်မြို့တွင် နေထိုင်သည့် အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးသည် စစ်ကော်မရှင်တပ်၏ ဖမ်းဆီးမှုကို ခံခဲ့ရပြီး မိသားစုဝင်များက ကျပ်သိန်း ၁၈၀ ဖြင့် ပြန်ရွေးမှသာ အသက်ချမ်းသာပေးမည်ဟု ဆိုကာ ခြိမ်းခြောက်ငွေးတောင်ခံခဲ့ရကြောင်းသိရသည်။

အဆိုပါ အမျိုးသားသည် မြေနီကုန်း ရှမ်းလမ်းအနီး ညနေစောင်းချိန်၌ အရပ်ဝတ် လူတစ်စုက ကားထိုးရပ်ကာ ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး မရမ်းကုန်းမြို့နယ် (သံသုမာလမ်းနှင့် ဂန္ဓမာလမ်းထောင့်)ရှိ ခမရ ၄၃၅/၄၃၆တပ်ရင်းသို့ ခေါ်ဆောင်ခဲ့ကြောင်း သိရသည်။

“ဖမ်းခံရတဲ့ အကိုမှာ ကလေးတစ်လသားလေးမွေးထားတာ၊ သူ့မိန်းမကို မြေနီကုန်းပြီး တာမွေမှာ ပိုက်ဆံဝင်ထားပြီးရင် ပြန်လာမယ်ဆိုပြီး ဖုန်းဆက်တာ၊ အဲ့ဒါပြီးတော့ အဆက်အသွယ် ပျက်သွားတာပဲ” ဟု ဖမ်းဆီးခံခဲ့ရသူနှင့် ဆွေးမျိုးနီးစပ်သူတစ်ဦးက ပြောသည်။

ဖမ်းဆီးခံခဲ့ရသူ အမျိုးသားသည် ကုန်ပစ္စည်းများ ပို့ဆောင်ပေးသည့် Delivery လုပ်ငန်းလုပ်ကိုင်သူတစ်ဦးဖြစ်ပြီး ဖမ်းဆီးခံရချိန်၌ ၎င်းနှင့်အတူပါလာသည့် ပိုက်ဆံ ၁၀သိန်းကျော်၊ ဘက်ထရီစက်ဘီးနှင့် ပစ္စည်းများကို စစ်တပ်က သိမ်းယူခဲ့ကြောင်း သိရသည်။

“အိမ်ကို ဖုန်းဆက်ပြီး သိန်း ၁၈၀ နဲ့ ပြန်ရွေးခိုင်းတာ မဟုတ်ရင် အလောင်းလာယူဆိုပြီး ပြေတာာ၊ စျေးညှိတာ သိန်း ၁၀၀နဲ့ တည့်သွားလို့ လူမသေတာ ပစ္စည်းတွေတော့ အကုန်ပေးခဲ့လိုက်ရတယ်” ဟု ၎င်းက ထပ်မံရှင်းပြသည်။

စစ်ကော်မရှင်က ရန်ုန်မြို့တွင် ညဘက်များ၌ ပေါ်တာဆွဲမှုကို အဓိကပြုလုပ်လေ့ရှိပြီး ဆိုင်ကယ်၊ စက်ဘီးနှင့် ခြေလျင်သွားလာသူများကို ဖမ်းဆီးမှု များပြားကြောင်း သိရသည်။

“အမှတ်စဉ် အသစ်တစ်ခု စခါနီး တစ်ပတ်ဝန်းကျင်လောက်ဆို တော်တော်ဆိုးတယ်ဗျ၊ လူမပြည့်သေးလို့ဆိုပြီး အသည်းအသန် လိုက်ဆွဲပြီး ဖြည့်တော့ အဲ့ဒီချိန်တွေဆို ပေါ်တာဆွဲခံရတာတွေ အများကြီးဘဲ၊ လူပို့ပြီး အမှတ်စဉ်အသစ် စပြီးသွားတဲ့ ရက်တွေဆိုရင်တော့ နည်းနည်းပြန်ငြိမ်သွားတယ်။ အဲ့ဒီချိန်ဆို လူရဖို့ထက် ငွေညှစ်ဖို့ကို ဦးစားပေးလိုက်ဆွဲကြတယ်ဗျ” ဟု Rangoon Scout Network-RSN ​၏ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ရန်ကုန်မြို့တွင် စစ်မှုထမ်း အမှတ်စဉ်အသစ် စတင်တိုင်း လစဉ်လတိုင်း၏ လဝက်ကျော်တွင် သင်တန်းစပေးကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။

” အဓိက ဒဂုံဆိပ်ကမ်း၊ တောင်ဒဂုံ၊ လှိုင်သာယာ၊ ရွှေပြည်သာပေါ့။ အဲ့ဒီလိုမြို့စွန်တွေမှာက နေ့တိုင်း ပေါ်တာဆွဲတဲ့ သတင်းတွေက ကြားနေရတယ်။ ကျတော့်အသိ အကို တစ်ယောက် အိမ်က CCTV မှာတောင် ၉ နာရီလောက် သူ့ကောင်မလေးကို လာတွေ့တဲ့ ကောင်လေး တစ်ယောက်ကို အရပ်ဝတ်တွေနဲ့ ဖမ်းသွားကြတာတွေရှိတယ်။ ပေါ်တာဆွဲခံရတယ်၊ လူပျောက်တယ် ဆိုပြီး ရဲစခန်းအမှု သွားဖွင့်လဲ ရဲက မသိဘူးပဲပြောတယ်။ ” ဟု ရန်ကုန်မြို့နေ အသက် ၂၄ နှစ်အရွယ် အမျိုးသားတစ်ဦးကပြောသည်။

ရန်ကုန်တွင် ပြီးခဲ့သည့် စက်တင်ဘာလအတွင်းတွင် စစ်ကော်မရှင်တပ်များ​၏ မတရားသဖြင့် ဖမ်းဆီးခံရသူ ၁၆၃ ဦး ရှိပြီး အဆိုပါ ဖမ်းဆီးခံရသူများအနက် ၆၆ ဦးမှာ လမ်းမပေါ် လှုပ်ရှားသွားလာနေသူများနှင့် ဆိုင်ထိုင်နေသူများဖြစ်ကြောင်း Rangoon Scout Network-RSN ၏ စာရင်းပြုစုထားချက်အရ သိရှိရသည်။

မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက် လူငယ် ခုနှစ်ဦးတွင် တစ်ဦးသည် လုံခြုံရေးအတွက် စိုးရိမ်ပူပန်နေရကြောင်း ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်(UNDP Myanmar) က အောက်တိုဘာ ၁၀ရက်တွင် ထုတ်ပြန်ခဲ့သေးသည်။

စာတည်း-ကိုဆန်း