တိုင်းပြည်အာဏာကို မတရားလုယူထားသည့် စစ်ကော်မရှင်သည် အာရက္ခတပ်တော်နှင့် ရင်ဆိုင်တိုက်ပွဲများ၌ အမြဲတမ်းရှုံးနိမ့်နေကြောင်း AA က ထုတ်ပြန်ထားသည်။
မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန် ဗျူဟာကုန်းမှ စစ်ကော်မရှင်တပ်သားများ ကစဉ့်ကလျား ထွက်ပြေးမှုများရှိနေသည့်အပြင် အလံဖြူထောင် အလင်းဝင်ရောက်လာသူများရှိနေကြောင်း အာရက္ခတပ်တော်(AA) ယနေ့(အောက်တိုဘာ ၁၇ရက်) ညပိုင်းတွင် ထုတ်ပြန်ထားသည်။
AA အနေဖြင့် စစ်ကော်မရှင်၏ နတ်ရေကန်ဗျူဟာကုန်းရှိ အနည်းငယ်သော လက်ကျန်နေရာအချို့ကို ထိုးစစ်ဆင်တိုက်ခိုက်ချက်ရှိနေသလို ကစဉ့်ကလျားထွက်ပြေးနေသည့် စစ်သားများနှင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိသည်ဟု ဆိုထားသည်။
ထို့ပြင် AA နှင့် ရင်ဆိုင်တိုက်ပွဲများတွင် အမြဲတမ်းရှုံးနိမ့်နေသည့် စစ်ကော်မရှင်တပ်သည် အဆိုပါ ဗျူဟာကုန်း မကျရှုံးရေးအတွက် လေကြောင်းပစ်ကူ၊ စစ်ကူများ အဆက်မပြတ်ပေးနေသည့် ကြားမှ အာရက္ခစစ်သည်တော်များ အကောင်းဆုံး တုံ့ပြန် ခံစစ်များနှင့်အတူ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်းအပြင် အောက်တိုဘာ ၁၇ရက်တွင် အချို့သောနေရာများ၌ စစ်ကော်မရှင် တပ်ဖွဲ့ဝင်အချို့သည် အလံဖြူထောင် လက်နက်ချကာ အလင်းဝင်ရောက်လျက်ရှိသကဲ့သို့ အချို့တိုက်ပွဲတွင် လက်ရဖမ်းဆီးရမိခဲ့သည့် စစ်သားများကို စစ်သုံ့ပန်းဥပဒေနှင့်အညီ ကောင်းမွန်စွာ စောင့်ရှောက်ပေးထားသည်ဟု AA က ဆိုသည်။
ထိုကဲ့သို့ အခြေအနေများကြောင့် စစ်ကော်မရှင်၏ အဓမ္မစစ်မှုထမ်းရန် စုဆောင်းခံထားရသူများအနေဖြင့် အာရက္ခတပ်တော်ကို ဆက်သွယ်ပြီး အချိန်မရွေး လက်နက်ချ အလင်းဝင်ရောက်ရန် AA က နှိုးဆော်ထားသည်။
