လှည်းကူး၊ ဒရယ်ဘိုရွာ အုပ်ချုပ်ရေးမှူးရုံးကို မြို့ပြပြောက်ကျား ဖောက်ခွဲ၊ ၂ဦးသေဆုံးနိုင်ဟုဆို

ရန်ကုန်တိုင်း ၊ လှည်းကူးမြို့နယ်၊ဒရယ်ဘိုကျေးရွာ အုပ်ချုပ်ရေးမှူးရုံးကို မြို့ပြပြောက်ကျားတို့ ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ၂ ဦးသေဆုံးနိုင်ကြောင်း သိရသည်။

အောက်တိုဘာ ၁၇ ရက်၊ ညနေ ၆ နာရီ မိနစ် ၅၀ ဝန်းကျင်တွင် လှည်းကူးမြို့နယ်၊ ဒရယ်ဘိုကျေးရွာ အုပ်ချုပ်ရေးမှူးရုံးကို ပြင်းအားမြင့်မိုင်း တစ်လုံးနှင့် လက်ပစ်ဗုံး ၂ လုံးဖြင့် တိုက်ခိုက်ခဲ့ရာ အုပ်ချုပ်ရေးမှူး တစ်ဦးနှင့် ပျူစောထီးတစ်ဦး မျက်မြင် ဒဏ်ရာများရခဲ့ပြီး သေဆုံးနိုင်ကြောင်း Yangon Army က သတင်းထုတ်ပြန်သည်။

“ထွေအုပ်ရုံးမှာအုပ်ကြီးနဲ့ပျူတွေအလှည့်ကျ ဂျူတီကင်းစောင့်ရတာ။အုပ်ကြီးနဲ့ ပျူတွေတော့ ရှိကြတယ်။စစ်ခွေးတော့မရှိဘူး။အရက်ဝိုင်းဖွဲ့ဖို့ပြင်နေတဲ့အချိန် မသောက်သွားလိုက် ကြ ရ ရှာဘူး။ အသီးနဲ့ပစ်တာ တည့်တည့်ကျတာ၂ ယောက်တော့ မျက်မြင်ကြွနိုင်တယ်။တခြား ခွေးသားတွေလည်း ထိနိုင်တယ်”ဟု Yangon Army မှ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။

တိုက်ခိုက်ခံရသည့် ရုံးသည် ရွေးကောက်ပွဲနှင့် သက်ဆိုင်သည့် ကိစ္စရပ်များတွင်ပါဝင်နေပြီး ပေါ်တာဆွဲခြင်းနှင့် စစ်မှုထမ်းကြေးကောက်ခြင်းများ ပြုလုပ်နေကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုအား Yangon Army နှင့် ရန်ကုန် အနောက်ပိုင်းခရိုင် ပကဖတို့ ပူးပေါင်းဆင်နွှဲခဲ့ခြင်း ဖြစ်သည်။

၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၅ ရက်၊ ည ၇ နာရီကျော်တွင်လည်း လှည်းကူးမြို့ပေါ် အုန်းနှဲကုန်းရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးရုံးကို Yangon Army က ပြင်းအားမြင့် မိုင်း ၂ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ၄ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သေးသည်။

စာတည်း-ML