DW
ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီးသည် အိမ်ဖြူတော်၌ အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရန့်နှင့် အောက်တိုဘာ ၁၇ ရက်က တွေ့ဆုံခဲ့ပြီးနောက် တောင်းဆိုထားသော အမေရိကန်ထုတ် တိုမာဟော့ခ် ဒုံးကျည်ကိစ္စနှင့် ပတ်သက်၍ မည်သည့်ကြေညာချက်မှ ပြုလုပ်မည်မဟုတ်ကြောင်း ပြောကြားသည်။
ဇယ်လန်းစကီးက ၎င်းနှင့် ထရန့်တို့သည် အဆိုပါ အဝေးပစ်ဒုံးကျည်များအကြောင်း ဆွေးနွေးခဲ့ကြသော်လည်း အမေရိကန်အနေဖြင့် စစ်ရေးတင်းမာမှု မြင့်တက်လာသည်ကို မလိုချင်သောကြောင့် ယင်းကိစ္စကို ပြန်လည်မပြောကြားရန် ဆုံးဖြတ်ခဲ့ကြသည်ဟု သတင်းထောက်များကို ပြောကြားသည်။
“ရုရှားက တိုမာဟော့ခ် ဒုံးကျည်တွေကို ကြောက်နေတယ်လို့ ကျွန်တော်ထင်ပါတယ်၊ တကယ်ကို ကြောက်နေတာပါ၊ ဘာလို့လဲဆိုတော့ ဒါက အင်အားကြီးတဲ့ လက်နက်ဖြစ်နေလို့ပါပဲ” ဟု ဇယ်လန်းစကီးက ထရန့်နှင့် တွေ့ဆုံပြီးနောက် အိမ်ဖြူတော်အပြင်ဘက်တွင် သတင်းသမားများအား ပြောကြားခဲ့သည်။
“ဒီစစ်ပွဲကို ထရန့်က အဆုံးသတ်ချင်တယ်ဆိုတာ ကျွန်တော်တို့ ယုံကြည်ပါတယ်” ဟုလည်း ၎င်းကဆိုသည်။
ထို့အပြင် ထရန့်က ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်နှင့် ဟန်ဂေရီနိုင်ငံ၊ ဘူဒါပတ်စ်မြို့တွင် တွေ့ဆုံရန် ပြင်ဆင်နေချိန်၌ ယူကရိန်းသမ္မတအား ရုရှားနှင့် သဘောတူညီမှုတစ်ခု ရယူရန်တိုက်တွန်းခဲ့ကြောင်း ပြောကြားခဲ့သည်။
ထရန့်က သူ၏ Truth Social လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ထုတ်ပြန်ချက်တွင် ဇယ်လန်းစကီးနှင့် တွေ့ဆုံမှုမှာ “အလွန်စိတ်ဝင်စားဖွယ်ကောင်းပြီး နွေးထွေးသည်” ဟု ဖော်ပြခဲ့သည်။
အမေရိကန်မှ တိုမာဟော့ခ် အဝေးပစ် ခရုစ်ဒုံးကျည်များ ရရှိရန်အတွက် ယူကရိန်းဘက်က အဆင့်မြင့် ဒရုန်းများ ပြန်ပေးမည့် သဘောတူညီချက်တစ်ရပ်ကို အဆိုပြုခဲ့ကြောင်းလည်း ဇယ်လန်းစကီးက ပြောကြားသည်။
ယူကရိန်းအား တိုမာဟော့ခ် ဒုံးကျည်များ ရောင်းချပေးခြင်းသည် တင်းမာမှုများကို မြင့်တက်စေလိမ့်မည်ဟူသော ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်က သတိပေးထားသည်။
သို့သော် အောက်တိုဘာ ၁၆ ရက်က ပူတင်နှင့် ဖုန်းဖြင့် ဆက်သွယ်ပြီးနောက် ထရန့်သည် အဆိုပါ အစီအစဉ်ကို လျှော့ချပစ်သည့် အခြေအနေရှိနေသည်။
ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီးက ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်သည် စစ်ပွဲကို အဆုံးသတ်ရန် အသင့်မဖြစ်သေးဟု ၎င်းက ယုံကြည်ကြောင်း ပြောကြားထားသည်။
“ပူတင်က အသင့်မဖြစ်သေးဘူးဆိုတာ ကျွန်တော်တို့ နားလည်ပါတယ်၊ အသင့်မဖြစ်သေးဘူးလို့ ကျွန်တော်ထင်ပါတယ်၊ ဒါပေမဲ့ ကျွန်တော်ယုံကြည်တာကတော့ ခင်ဗျားရဲ့ အကူအညီနဲ့ ဒီစစ်ပွဲကို ကျွန်တော်တို့ ရပ်တန့်နိုင်ပါတယ်” ဟု ဇယ်လန်းစကီးက ထရန့်ကို ပြောကြားခဲ့သည်။
