တရားမဝင် မဲစာရင်းကပ်သည့်ရက်ကို ထပ်တိုးထားသော်လည်း ရန်ကုန်မြို့နေပြည်သူများ အဖက်လုပ် သွားကြည့်ခြင်းမျိုး မရှိကြောင်း သိရသည်။
နိုင်ငံတစ်ဝန်း တရားမဝင်မဲစာရင်းကပ်သည့်နေရာများစွာတွင် မဲစာရင်းများ ဆိုးဆိုးရွာရွားမှားယွင်း နေကြောင်းနှင့် မဲစာရင်းကြည့်သူလည်း အလွန်နည်းကြောင်း သတင်းများ ထွက်ပေါ်ပြီးနောက် အာ ဏာသိမ်းစစ်ကော်မရှင်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က မဲစာရင်းကြည့်သည့်ရက်ကို နောက်ထပ် တစ်ပတ်ထပ်တိုးခဲ့ခြင်းဖြစ်သည်။
ရန်ကုန်တိုင်းအတွင်း ထူးခြားဖြစ်စဉ်များနှင့် စစ်တပ်လှုပ်ရှားမှုများကို အဓိကထားဖော်ပြနေသော Rangoon Scout Network မှ တာဝန်ရှိသူတစ်ဦးက “မဲစာရင်းလာကြည့်ကြဖို့ဆိုပြီး လော်နဲ့ လိုက် အော်တာတွေတော့ တိုးလာပါတယ်။သွားကြည့်တဲ့သူကတော့ အရင်အတိုင်း မရှိသလောက်ပါပဲဗျ” ဟု MPAသို့ပြောသည်။
တစ်ပတ်တာ ကြည့်ရှုရက်မတိုးမီ စက်တင်ဘာ၃၀ရက်မှ အောက်တိုဘာ၁၃ရက်အတွင်းကလည်း ရန် ကုန်တွင် တရားမဝင်မဲစာရင်းကြည့်ရှုသူမှာ ပြည်ခိုင်ဖြိုးပါတီနှင့်အပေါင်းအပါတစ်စုသာရှိကြောင်း ၎င်းက ပြောကြားထားသည်။
“ကျနော်တို့လှိုင်(လှိုင်မြို့နယ်)မှာကတော့ လာကြည့်လည်း တစ်ယောက်စ နှစ်ယောက်စပဲ။မှား နေပါတယ်ဆိုပြီး လာပြင်တဲ့သူလည်း မရှိသလောက်ပဲ”ဟု လှိုင်မြို့နယ်စစ်ကော်မရှင် အုပ်ချုပ်ရေး နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
မဲစာရင်းလာမကြည့်ပါက မည်သို့မည်ပုံအရေးယူမည်ဟု လိုက်လံကြေညာခြင်းမျိုး မရှိသေး ကြောင်း ၎င်းက ဆိုသည်။
“ပြည်သူတွေက အချဉ်မဟုတ်ဘူးဗျ။လွတ်လပ်မျှတတဲ့ရွေးကောက်ပွဲဆိုပြီး ဂျင်းလာထည့်လို့မရ ဘူး။ အာဏာသိမ်းထားတဲ့ စစ်ကော်မရှင်မှာ ရွေးကောက်ပွဲလုပ်ခွင့်မရှိဘူးဆိုတာ ပြည်သူတိုင်းသိတယ်”ဟု ရန်ကုန်အခြေစိုက် စာပေလောကသားတစ်ဦးက ပြောသည်။
တရားမဝင် မဲစာရင်းများကို ရပ်ကျေးအုပ်ချုပ်ရေးမှူးရုံးများတွင် အောက်တိုဘာ၂၀ရက်အထိ ပထမအကြိမ် ကပ်ထားမည်ဖြစ်ပြီး အမှားပြင်ဆင်ပြီးနောက် နိုဝင်ဘာလအတွင်း နောက်ဆုံးအကြိမ် ထပ်ကပ်မည်ဟု တရားမဝင်ရွေးကောက်ပွဲကော်မရှင်က ဆိုသည်။
စာတည်း-ML
