ပဲခူးတိုင်းအနောက်ခြမ်းရှိတောင်သူများ နေကြာစိုက်ပျိုးရန် စစ်ကော်မရှင်က ဖိအားပေးနေ

ပုံစာ- နေကြာစိုက်ခင်းများအားတွေ့ရစဉ်

ပဲခူးတိုင်းအနောက်ခြမ်းရှိ တောင်သူများအနေဖြင့် ဆောင်းသီးနှံစိုက်ပျိုးရာတွင် နေကြာစိုက်ပျိုးရန် စစ်ကော်မရှင်က အတင်းအဓမ္မဖိအားပေးနေကြောင်း တောင်သူများထံမှ စုံစမ်းသိရှိရသည်။

တောင်သူများသည် ဆောင်းသီးနှံအဖြစ် မတ်ပဲ၊ ပဲတီစိမ်း၊ ပဲငပိ(ပဲပုတ်)များကိုသာ အများဆုံး စိုက်ပျိုးသော်လည်း စစ်ကော်မရှင်လက်အောက်ခံ စိုက်ပျိုးရေးဌာနနှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်များက တောင်သူများ နေကြာမျိုးစေ့ မယူမနေရစနစ်ဖြင့် အတင်းရောင်းချ စိုက်ပျိုးခိုင်းနေကြောင်း သာယာ၀တီမြို့နယ်မှ အသက် ၄၀ အရွယ်တောင်သူ တစ်ဦးက ပြောသည်။

“အစည်းဝေးခေါ်ယူပြီး တောင်သူတွေ နေကြာမယူမနေ မျိုးအိပ်တွေရောင်းတာ၊ တစ်အိတ် ငါးသောင်းပေးရတယ်။ လယ်များတဲ့သူက လေးငါးအိတ်လောက်ယူရတယ်။ ကျတော်တို့ မြေတွေက နေကြာစိုက်လို့ အဆင်မပြေဘူး။ မစိုက်ချင်ဘူး ပြောတာကို မရဘူးစိုက်ရမယ်ဆိုပြီး ပြောသွားတယ်” ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၄ခုနှစ် ဆောင်းသီးနှံစိုက်ပျိုးချိန်ကလည်း တောင်သူများ နေကြာစိုက်ပျိုးရန် မျိုးစေ့များကို စစ်ကော်မရှင်က အတင်းအဓမ္မရောင်းချခဲ့ဖူးပြီး ဒေသနှင့်မကိုက်ညီသည့် မျိုးဖြစ်သောကြောင့် တောင်သူများ အရှုံးဖြင့် ရင်ဆိုင်ခဲ့ရကြောင်း မိုးညိုမြို့မှ အသက် ၅၀ အရွယ်တောင်သူတစ်ဦးက ပြောသည်။

“မစိုက်မနေရမို့လို့ မနှစ်က စိုက်လိုက်ရတယ်။ ပြီးတော့ နေကြာတွေက အပွင့်တော့ ပွင့်ပါတယ် အထဲမှာ အဆံ(အစေ့) မရှိဘူး။ အဲ့ဒီတော့ မရိတ်လိုက်ရဘူး။ ဒီတိုင်းပစ်ထားလိုက်ရတာ၊ မနှစ်က တော်တော်ရှုံးတယ်။ တစ်ဧက ငါးသိန်းလောက်ရှုံးသွားတယ်။ စိုက်ခိုင်းတဲ့သူတွေ သွားပြောတော့ ဘယ်သူမှ တာဝန်မယူဘူး” ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၁၆ရက်က စစ်ကော်မရှင်ခေါင်းဆောင် မင်းအောင်လှိုင်က မြန်မာနိုင်ငံတွင် စားသုံးဆီဖူလုံစေရန် တောင်သူများကို နေကြာစိုက်ခင်းများတိုးချဲ့ရမည်ဟု မှာကြားပြီးနောက် ယခုကဲ့သို့ လုပ်ဆောင်လာခြင်းလည်းဖြစ်သည်။

“စားသုံးဆီ ဖူလုံဖို့ဆိုပြီး နေကြာ အတင်းစိုက်ခိုင်းနေတာ၊ နေကြာစိုက်ဖို့အတွက် တောင်သူတွေကို ဘာမှ ကူညီမပေးဘူး။ မျိုးစေ့က အစ ရောင်းစားနေတာ၊ ဓာတ်မြေဩဇာထောက်ပံ့ပေးဖို့ဆိုတာ ဝေးသေး၊ ပြီးတော့ စျေးလည်းမကောင်းဘူး။ တောင်သူတွေက အရှုံးပေါ်နေတော့ ဘယ်သူမှ မစိုက်ချင်ကြဘူး” ဟု အုတ်ဖိုမြို့နယ်မှ စိုက်ပျိုးရေး ပညာရှင်တစ်ဦးက ပြောသည်။

စစ်တပ်အာဏာသိမ်းပြီးချိန်မှ စတင်ကာ တောင်သူများသည် မိမိပိုင်ဆိုင်သည့် လယ်ယာမြေများပေါ်တွင် စိုက်ပျိုးချင်သည့် သီးနှံများ စိုက်ပျိုး၍မရတော့ဘဲ အာဏာပိုင်များ စိုက်ပျိုးခိုင်းသည့် သီးနှံများကို စိုက်ပျိုးနေရသည်။

“စပါးဆိုလည်း စျေးမကောင်းလို့ တောင်သူတွေက မစိုက်ချင်တာကို မရဘူး။ အတင်းစိုက်ခိုင်းတယ်။ မစိုက်ရင်လယ်သိမ်းမယ်ဆိုပြီး ခြိမ်းခြောက်စိုက်ခိုင်းနေတာ၊ အခုလည်း ဒီလိုပဲ နွေစပါးမစိုက်ချင်တဲ့ တောင်သူတွေကို နွေစပါးအတင်းစိုက်ခိုင်းတယ်။ နေကြာအတင်းစိုက်ခိုင်းတယ်။ ပြီးတော့ သီးနှံစျေးကို စျေးကောင်းအောင် လုပ်မပေးဘူး။ တောင်သူတွေလည်း ဒီပုံအတိုင်းသာ ဆက်သွား လယ်တွေရောင်းပစ်လို့ရှိမှာတောင် မဟုတ်တော့ဘူး” လက်ပံတန်းမြို့နယ်မှ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ အမျိုးသမီးတစ်ဦးက ပြောသည်။

ယခုနှစ်တွင် စိုက်ပျိုးခဲ့သည့် ဆီထွက်သီးနှံများဖြစ်သော နှမ်း၊ မြေပဲနှင့် နေကြာများသည် စျေးကောင်းမရရှိသည့်အတွက် တောင်သူများ များစွာ အရှုံးပေါ်နေရသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ဓာတ်မြေဩဇာ၊ ဓာတုဆေးဝါး၊ လယ်ယာသုံးစက်ပစ္စည်းများ စျေးနှုန်းမြင့်မားလာသော်လည်း တောင်သူများ စိုက်ပျိုးသည့် သီးနှံများသည် ပွဲစားများ၏ ပါးစပ် ပေါက်စျေးအတိုင်းသာ ရောင်းချနေရသည့်အတွက် နှစ်စဉ် အရှုံးဖြင့် ရင်ဆိုင်နေရသည်။

စာတည်း-ကိုဆန်း