ဒင်းတို့ပြုတ်မှ အေးမယ်

ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် UNDP ရဲ့ အစီရင်ခံစာသစ်အကြောင်း စကားစလိုက်တာနဲ့ ဒီနေ့ ခေတ် မြို့ပြလူငယ်တွေ ရင်ဆိုင်နေရတာ အဲဒီအစီရင်ခံစာထက် ပိုနက်ရှိုင်းတယ်လို့ ရန်ကုန်အခြေစိုက် လုပ်ငန်း ရှင်တစ်ဦးက ဆိုတယ်။

အောက်တိုဘာ၂ရက်နေ့ UNDP ထုတ်ပြန်လိုက်တဲ့ ‘အနာဂတ်ရပ်တန့်ခံ မျိုးဆက်သစ်’အစီရင်ခံစာက မြန်မာလူငယ် ၄သန်းနီးပါး အလုပ်လက်မဲ့ဖြစ်နေပြီလို့ ဆိုတယ်။ကရင်နီပြည်နယ်လို ပဋိပက္ခဒေသတွေမှာ လူငယ်တစ်ဝက်ကျော်ဟာ အလုပ်လက်မဲ့။ဒါ့အပြင် အမျိုးသမီးငယ်တွေက အမျိုးသားတွေထက် အလုပ်အကိုင်ဈေးကွက်ကနေ ၂ဆကျော်နှုန်း ဖယ်ကြဉ်ခံနေရတယ်လို့လည်း ဆိုတယ်။ အခုလိုအလုပ်လက်မဲ့ပြဿနာဟာ မျိုးဆက်တစ်ခုလုံးစာအတွက် လွတ်လပ်စွာ ရပ်တည်နိုင်ရေးနဲ့ အခွင့်အလမ်းများ ရရှိရေးတို့ကို လက်လွှတ်ဆုံးရှုံးလိုက်ရခြင်းဖြစ်ပြီး မြန်မာနိုင်ငံ ပြန်လည်ထူထောင်ရေးနဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက် ဆိုးရွားသော အကျိုးဆက်များ သက်ရောက်စေနိုင်တယ်လို့လည်း အစီရင်ခံစာကဆိုတယ်။

ရန်ကုန်မှာ ကုမ္ပဏီဝန်ထမ်းဘဝကနေ ကိုယ့်ဒူးကိုယ်ချွန် အလယ်အလတ်လုပ်ငန်းရှင်အဖြစ်သို့ တက်လှမ်းလာသူကတော့ UNDP ပြောတဲ့ ၄သန်းနီးပါးသော မြန်မာလူငယ်တွေ အလုပ်လက်မဲ့ဖြစ်နေရုံတင်မက ဘယ်နေ့အလုပ်လက်မဲ့ ဖြစ်မလဲလို့ စိုးရိမ်ထိတ်လန့်နေရတဲ့ လူငယ်တွေလည်း များစွာရှိနေတယ်လို့ ဆိုတယ်။

“အလုပ်လက်မဲ့တွေရော အလုပ်လက်မဲ့ဖြစ်တော့မလားလို့ တွေးကြောက်နေရတဲ့ လူငယ်တွေရော ဒီနေ့ခေတ်လူငယ်တွေ ရင်ဆိုင်နေရတာ ဘဝရပ်တည်းရေးဆိုင်ရာ ခြိမ်းခြောက်ခံနေရတဲ့ စိန်ခေါ်မှုကြီးပါ”လို့ သူက ဆိုတယ်။

လူငယ်တွေရဲ့ အနာဂတ် ရပ်တန့်ခံနေရရုံတင်မက အနာဂတ်ဆိုတာမရှိ၊ အိပ်မက်တွေ အကုန်ပျောက်ဆုံး။ လူငယ်တွေတင်မက နေပြည်တော်စစ်ဗိုလ်ချုပ်တွေနဲ့ တိုက်ရိုက်ပေါင်းစားနိုင်စွမ်းမရှိတဲ့လုပ်ငန်းရှင်တွေနဲ့ ပေါင်းစားချင်စိတ်မရှိတဲ့လုပ်ငန်းရှင်တွေတောင် ကိုယ့်အလုပ်အကိုင် ကိုယ့်အနာဂတ် ပျောက်ဆုံးမသွားရလေအောင် ချွေးဒီးဒီးကျ ရုန်းကန်နေရတယ်လို့ သူက ဆက်ပြောတယ်။

“အခု ကိုယ့်ရဲ့ ပရော်ဖယ်ရှင်အလုပ်က မပြုတ်ရုံတမယ် လည်ပတ်လို့ရရုံပဲ ရှိတော့တာဆိုတော့ နောက်ထပ်ကိုယ်နဲ့မဆိုင်တဲ့ အလုပ်တစ်ခု ထပ်လုပ်ပြီး ကျားကန်ထားရတယ်”လို့ သူက ဆိုတယ်။

ဘာပဲဖြစ်ဖြစ် သူတို့ ၅၀ကျော် ၆၀တန်းမျိုးဆက်၊ ဒုတိယအာဏာရှင်သန်းရွှေရဲ့ ရက်စက်ကြမ်းကြုတ် မှုကာလကို ဖြတ်သန်းခဲ့ရပေမဲ့ ကိုယ့်ဘဝတစ်ကိုယ်စာ လူတစ်လုံးသူတစ်လုံးအိပ်မက်ကို ရဲရဲတင်းတင်းမက်နိုင်ခဲ့တယ်လို့ ဆိုတယ်။ဒီနေ့ခေတ်လူငယ်တွေကတော့ အနာဂတ်ဆိုတာ မရှိတဲ့အထဲ အလစ်အငိုက်တစ်ချက်မှာ အဓမ္မစစ်မှုထမ်းဘဝ သေမင်းရဲ့ ဖိတ်စာရသွားနိုင်တယ်လို့လည်း ဆိုတယ်။

“ဘဝရပ်တည်ရေးအတွက် ခြိမ်းခြောက်ခံနေရတာရော မလုံခြုံမှုပြဿနာ စစ်မှုထမ်းထဲ ဘယ်နေ့ပါမလဲ ကြောက်နေရတာရောပဲ”လို့ သူက ပြောတယ်။

ရန်ကုန်မှာ အလုပ်လုပ်နေတဲ့ အသက်၂၈နှစ်အရွယ် အင်ဂျင်နီယာ လူငယ်လေးကတော့ သူ့ကိုယ်သူ ပြေးစရာမြေတောင် မရှိတဲ့ဘဝပါလို့ သိမ်ငယ်စွာနဲ့ ဆိုတယ်။

တရားဝင် ပြည်ပထွက်အလုပ်လုပ်ကိုင်ခွင့်လည်း မရှိတော့တာကြောင့် နီးနီးနားနား ထိုင်းနိုင်ငံဆီ စွန့် စွန့်စားစား ခိုးဝင်ပြီးနောက် တရားဝင်လက်မှတ်တစ်ခုခုရယူကာ အလုပ်တစ်ခုခု ရနိုင်ပေမဲ့ ရနိုင်တဲ့အလုပ်က ဘာဘွဲ့ကြီးပဲရထားထား အောက်ခြေအလုပ်သမားအဖြစ်သာ ရမှာမို့ ကိုယ့်ပရော်ဖယ်ရှင်နယ်ကိုယ် စွန့်နိုင်ရင် စွန့် စား။

“အရင်လစာရဲ့ တစ်ဝက်နီးပါးလောက် လျော့သွားပြီဆိုပေမဲ့ အလုပ်ကရှိနေတုန်းပဲဆိုတော့ ထိုင်းကို အောက်လမ်းကနေ ခိုးဝင်ပြီး အလုပ်သမားသွားလုပ်ဖို့ ဘယ်လိုမှ မစဉ်းစားနိုင်သေးဘူး။PDF ထဲလည်း မဝင် နိုင်သေးဘူး။အခုအလုပ်က သိပ်အဆင်ပြေနေတာ မဟုတ်ပေမဲ့ စားဖို့လောက်ရနေတော့ ငုတ်တုပ်မေ့နေတုန်း ပဲ။လောလောဆယ် ပေါ်တာအဆွဲမခံရဖို့ကို တော်တော်သတိထားတယ်”လို့ အင်ဂျင်နီယာလူငယ်ကဆိုတယ်။

အင်ဂျင်နီယာကျောင်းပြီးခဲ့စဉ်က ပြည်တွင်းကုမ္ပဏီတစ်ခုခုထဲဝင် ၊လုပ်ငန်းအတွေ့အကြုံရအောင် သင်ယူပြီးနောက် စင်ကာပူထွက်ခွာ အင်ဂျင်နီယာအဖြစ်နဲ့ အသက်မွေးမယ်ဆိုတဲ့ အိပ်မက်က အခုတော့တစ်စစီ။ အနာဂတ်ဟာ သေမင်းရဲ့လက် စစ်တပ်ထဲ မရောက်သွားရေးအတွက် အဆောင်မှာ မနေရဲတော့လို့ ကုမ္ပဏီပိုင်ရှင်ကို တိုးလျှိုးကာ လုပ်ငန်းခွင်ထဲ ပြောင်းရွှေ့ အခြေတည်။

“ပေါ်တာဆွဲသံတွေကို မကြာခဏကြားနေရတော့ ဘယ်သွားသွား ကျီးလန့်စာစားပဲ။ လက်ဖက်ရည် ဆိုင်တောင် စိတ်လွတ်ကိုယ်လွတ် မထိုင်ရဲတော့ဘူး”လို့ သူက ဆက်ပြောတယ်။

ရန်ကုန်မှာ ပေါ်တာဆွဲသံတွေ အမှန်တကယ်ကို ဝီခေါ်နေတယ်။ရန်ကုန်မြို့ရဲ့ လမ်းမကြီးပေါ် သွားလာနေတာတောင် ဖမ်းဆီးခံနေရတယ်။ညနေမှာ နေတောင်မကွယ်သေးဘူး၊ ကားမှတ်တိုင်မှာ ကားစောင့်နေရင်းနဲ့လည်း ဖမ်းဆီးခံနေရတယ်။ ဧည့်စာရင်းစစ်တယ်ဆိုပြီးလည်း ဖမ်းတာပဲ။ ရန်ကုန်မှာ ပလုံကောက် အသက်မွေးနေသူတွေတောင် ဖမ်းဆီးခံနေရ။ လှိုင်သာယာမှာ ည၇နာရီ ဘီယာဆိုင်ကနေ ထွက်လာတာ အိမ်စီးကားနဲ့ အရပ်ဝတ်လူတစ်စုက ဖမ်းဆီးသွားပြန်သတဲ့။သတင်းတွေက ဖျားလောက်ဖွယ်မို့ ဖျားရ။

ရန်ကုန်မှာပဲလားဆိုတော့ မုံရွာမှာလည်း ဒီလိုပဲလို့ မုံရွာမြို့စွန်ရပ်ကွက်တစ်ခုမှာ ပေါ်တာကြောက် လို့ အလုပ်လက်မဲ့ဖြစ်နေရှာတဲ့ အသက်၂၅နှစ်အရွယ် အမျိုးသားလူငယ်လေးက ဆိုတယ်။

“အရင်က မိဘအလုပ် ဝင်လုပ်ပြီး ကောင်းကောင်းသုံးနိုင်တယ်။အခုက မိဘတွေကိုယ်တိုင်က ပေါ် တာ အဆွဲခံရမှာစိုးလို့ အလုပ်ပေးမလုပ်တော့ဘူး။အလုပ်လည်း အရင်လို မကောင်းတော့ဘူး။ဘယ်သူမှလည်း မကောင်းဘူး”လို့ မုံရွာလူငယ်က ဆောင့်ကြီးအောင့်ကြီးနဲ့ ပြောတယ်။

သူတို့မုံရွာမြို့ပေါ်မှာလည်း စစ်သားတွေက အိမ်စီးကားနဲ့ အရပ်ဝတ်နဲ့ သေနတ်ကြီးတကားကားနဲ့။ ပြီးတော့ PDF ကျည်ထိမှာလည်း ကြောက်တာကြောင့် ကျည်ကာတွေဘာတွေလည်း ဝတ်ထားလိုက်သေး။ လက်ဖက်ရည် ဆိုင်ထဲလည်း ဝင်ဆွဲတယ်။အရက်ဆိုင်ထဲလည်း ဝင်ဆွဲတာပဲ။ပြီးတော့ အလုပ်သွားအလုပ် ပြန်။အဖမ်းက ပက် စက်လွန်းလေတော့ ကံကိုလည်း မယုံရဲ။မိဘလက်ငုတ်လက်ရင်း ကိုယ့်လက်ထက်မှာ ချဲ့ထွင်ကြီးပွားစေရမယ် ဆိုတဲ့ အိပ်မက်ကိုလည်း ခေါက်သိမ်းလို့ အိမ်တွင်းပုန်းဘဝ။

“အနာဂတ်တွေဘာတွေဆိုတာ မင်းအောင်လှိုင်လက်ထက်မှာ လူငယ်တွေအားလုံးအတွက် သူလည်း နိုး(No)၊ ကိုယ်လည်း နိုးပဲလေ။ ပေါ်တာအဆွဲခံရရင် ဘဝပျက်ရုံမကဘူး။အသက်ပါပျောက်မှာ။အဲဒါကြောင့် ပေါ်တာ အဆွဲမခံရရေး တို့အရေးပဲ”လို့ မုံရွာလူငယ်က ဆိုတယ်။

မြို့ပေါ်မှာ အခြေအနေမကောင်းရင် စစ်တပ် အမြဲမရောက်နိုင်တဲ့ မုံရွာမြို့နယ်ထဲက ကျေးလက်တစ်ခု မှာ သွားခွေမယ်လို့လည်း သူက ဆက်ပြောတယ်။

မြို့ပေါ်ကနေ မခွာနိုင်တဲ့ လူငယ်အားလုံးဟာ အခြေမပျက်ရင်တောင် တဲတဲလေးပဲ။အလုပ်ရှိပေမဲ့ အ လုပ်မလုပ်ရဲတဲ့ဘဝ။အလုပ်ရှိတာတောင် အလုပ်ရှိတယ်ဆိုရုံ ဝမ်းစာဖူလုံဖို့တောင် အနိုင်နိုင်ဘဝ။အမျိုးသမီးလူ ငယ်တွေရဲ့ လတ်တလောဘဝပေးက ပိုလို့တောင်ဆိုးလှ။ အလုပ်တစ်ခုကနေ ပြုတ်သွားခဲ့ရင် နောက်အလုပ် တစ်ခုပြန်ရဖို့တောင် မလွယ်ကြောင်း တောင်ဥက္ကလာပမြို့နယ်နေ စာရင်းကိုင်မလေးက ပြောပြတယ်။

“ကိုယ့်မျက်စိရှေ့တင် စက်ရုံ ရပ်သွားလို့ ဒုက္ခရောက်သွားတဲ့ အမျိုးသမီးတွေ အများကြီးပဲ။အလုပ် တစ်ခု ပြုတ်ပြီးရင် နောက်အ လုပ်တစ်ခု ပြန်ရတဲ့ အမျိုးသမီးဆိုတာလည်း တော်တော်ရှားတယ်။ကျမ တို့ လည်း တဲတဲလေးပဲ”လို့ စာရင်းကိုင်မလေးက ဆိုတယ်။

သူတို့စက်ရုံဝန်ထမ်း အမျိုးသမီးတွေရဲ့ နေ့ခင်းထမင်းစားဝိုင်းမှာ မနက်ဖြန်အကြောင်း စဉ်းစားရ ခက် လွန်းလို့ မနက်ဖြန်အကြောင်း မပြောဖြစ်ကြတာ ကြာပြီလို့လည်း ဆိုတယ်။

သူကိုယ်တိုင်ပင် စာရင်းကိုင်အလုပ်ပြုတ်သွားခဲ့ရင် ဘာဆက်လုပ်ရမလဲမသိ။အမျိုးသမီးတွေအတွက် အလုပ်အကိုင် အကြမ်းရောအချောပါ ရှားပါဘိနဲ့။

ဒင်းတို့ (စစ်ကော်မရှင်)ပြုတ်မှ အစစအရာရာ အေးချမ်းမယ်”လို့ သူကဆက်ပြောတယ်။

လူငယ်တို့ရဲ့ အနာဂတ်သည် သုည။အလုပ်လက်မဲ့ ဖြစ် မှာလည်းကြောက်ရ၊စစ်မှုထမ်းဘဝ သေလမ်း သို့ မြန်းရမှာလည်း ကြောက်ရ။ လူငယ်တွေရဲ့ဘဝ ငရဲမှာ လက်ပစ်ကူးနေရတယ်။လူငယ်တွေဟာ အခိုးအငွေ့ ပမာ တဖြည်းဖြည်းပျောက်ဆုံးကုန်ကြတယ်။ဒင်းတို့ပြုတ်မှပဲ အေးချမ်းမယ်လို့ အမှန်အကန် ယုံကြည်ကြ တယ်။ ဒင်းတို့ပြုတ်ဖို့ ဆုတောင်းနေရုံနဲ့ မရမှန်းလည်း သိကြပါရဲ့။

စာတည်း-ကိုဆန်း