လူမိုက်များအပြင် မူးယစ်ဆေးဝါးသုံးစွဲသူများကိုပါ စစ်မှုထမ်းကြေးကောက်ခိုင်းရန် စစ်ကော်မရှင် ညွှန်ကြား

ရန်ကုန်တိုင်းအတွင်း စစ်မှုထမ်းကြေးကောက်ခံရန် လူမိုက်များအပြင် မူးယစ်ဆေးဝါးသုံးစွဲသူများကိုပါ စစ်ကော်မရှင်က စေခိုင်းထားကြောင်း ပြည်သူများထံမှ စုံစမ်းသိရှိရသည်။

ယခုကဲ့သို့ လုပ်ဆောင်ရန် မြို့နယ်ထွေအုပ်ရုံးများ၌ တာဝန်ကျနေသည့် စစ်ဗိုလ်မှူးများက ညွှန်ကြားခြင်းဖြစ်ပြီး စစ်မှုထမ်းကြေးပေးရသည့် ပြည်သူများသည် ခွန်းတုံ့မပြန်ရဲဘဲ တောင်းသည့် ငွေးကြေးအတိုင်းပေးနေရကြောင်း သိရသည်။

“စစ်မှုထမ်းကြေးလာကောက်တော့ ငါက ရန်ကုန်လူမိုက်ကွ ငါတို့က အထက်နဲ့ပိုင်တယ် မင်းတို့တွေ ဘာဖြစ်ချင်လဲ ဆိုပြီးတော့ မိုက်ကြေးခွဲစကားပြောတာ၊ ပြီးတော့ ပိုက်ဆံကိုလဲ ပိုတောင်းလာတယ်” ဟု သန်လျင်မြို့တွင်နေထိုင်တဲ့ အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦးက ပြောပါတယ်။

ပြီးခဲ့သည့် အောက်တိုဘာ ၇ ရက်က ကျောက်တန်းမြို့နယ်၊ ရွှေပျောက်ကျေးရွာအုပ်ချုပ်ရေးမှူးသည် ကျေးရွာအတွင်း စစ်မှုထမ်းအကြုံးဝင် နေအိမ်များကို တစ် ၂သိန်းကျပ်၊ စစ်မှုထမ်းအကြုံးမဝင်သည့် နေအိမ်များ တစ်အိမ် ငါးသောင်းကျပ် ကောက်ခံခဲ့ကြောင်း ယင်းကျေးရွာမှ ဒေသခံတစ်ဦးက ပြောသည်။

“အရင်တုန်းကတော့ စစ်မှုထမ်းအကြုံးဝင်တဲ့ နေအိမ်ဆို တစ်အိမ် တစ်သိန်းနှစ်သောင်းကောက်တယ်။ အပတ်စဉ် ၁၇ ကစပြီးတော့ နှစ်သိန်းတိုးကောက်တာ၊ အခုလိုတိုးကောက်ဖို့ကို ဗိုလ်မှူးက တိုးကောက်ခိုင်းလို့ ကောက်ရတာဖြစ်တယ်ဆိုပြီး အုပ်ကြီး အောင်ဖြိုးသန့်က ပြောတယ်” ဟု ၎င်းက ရှင်းပြသည်။

ယခုကဲ့သို့ စစ်မှုထမ်းကြေးကောက်ခံရာတွင် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များသာမက လူမိုက်များနှင့် မူးယစ်ဆေးဝါးသုံးစွဲသူများလည်း ပါဝင်ကြောင်း ၎င်းက ရှင်းပြသည်။

ယခုကဲ့သို့ စစ်မှုထမ်းကြေးကောက်ရာတွင် လူမိုက်နှင့် မူးယစ်ဆေးဝါးသုံးစွဲသူများကို ကောက်ခံခိုင်းခြင်းသည် အုပ်ချုပ်ရေးမှူးများ အသတ်ခံရမည်ကို စိုးရိမ်သည့်အတွက် အကာအကွယ်ယူ လုပ်ဆောင်ခြင်းဖြစ်သည်ဟု သုံးသပ်သူများလည်းရှိနေသည်။

“စစ်မှုထမ်းကြေး မလောက်လို့ဆိုပြီး တိုးကောက်တာလို့ ပြောတယ်။ ကျတော်တို့က ဘာမှ ပြန်ပြောလို့မရဘူး။ တက်တူးတွေ အပြည့်နဲ့ လူတွေလာကောက်တာ၊ ပြန်ပြောရင်လဲ သူတို့ရိုက်နှက်မှာကို ကြောက်ရတော့ ပေးလိုက်ရတယ်။ ခေတ်မကောင်းလို့ စီးပွားရေးအဆင်မပြေတာ သူတို့တွေရဲ့ လည်ပင်းညှစ်တာကိုပါခံနေရတယ်” ဟု ကျောက်တန်းမြို့မှာ နေထိုင်တဲ့ အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးက ပြောပါတယ်။

ထိုကဲ့သို့ စစ်မှုထမ်းကြေးတိုးတောင်းမှုကို မပေးသည့်သူများအား ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့နှင့် လူမိုက်များက ဖမ်းဆီးရိုက်နှက်ပြီး စစ်တပ်သို့ ပို့ဆောင်မှုများလည်းရှိကြောင်း ဒေသခံများက ပြောသည်။

“စစ်မှုထမ်းကြေးကောက်လို့ မပေးဘူးပြောရင် သူတို့(ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့)က ခြိမ်းခြောက်တယ်။ မကျေနပ်ရင် တိုင်ခြင်တဲ့နေရာတိုင် ဂရုစိုက်စရာမလိုဘူး။ ငါတို့ကိုခိုင်းလို့ လုပ်ရတာ၊ ဗိုလ်မှူးတွေကို ဖုန်းဆက်လိုက်တာနဲ့ မင်းတို့အကုန် ခံဝန်ထိုးခိုင်းမှာ မထိုးရင်တရားစွဲမှာဆိုပြီးတော့ ခြိမ်းခြောက်တယ်” ဟု တွံတေးမြို့နယ်တွင် နေထိုင်သည့် အမျိုးသားတစ်ဦးက ပြောသည်။

စစ်ကော်မရှင်သည် လူအင်အားဆုံးရှုံးမှုနှင့် လုံခြုံရေးဖိအားများကြောင့် စစ်မှုထမ်းကြေးကောက်ခံရာတွင် စစ်သားနှင့် ရဲများကို အသုံးပြုမှုမရှိတော့ဘဲ ငွေညှစ်မှု ပိုမိုလွယ်ကူစေရန် လမ်းဘေးလူမိုက်အဖွဲ့အစည်းများကို တရားဝင်လှုပ်ရှားခွင့်ပြုပြီး စစ်မှုထမ်းငွေကောက်ခံရန် လုပ်ဆောင်လာခြင်းလည်းဖြစ်သည်။

စာတည်း-ကိုဆန်း