စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် စစ်ကော်မရှင်တပ်က အင်အားအများအပြားဖြည့်တင်းပြီး ကလေး-တမူး ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလျက်ရှိကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ စုံစမ်းသိရှိရသည်။
စစ်ကော်မရှင်သည် ကလေးမြို့နယ်မြောက်ပိုင်းမှ တမူးမြို့ဘက်သို့ အင်အား ၈၀၀ဝန်းကျင်ဖြင့် စစ်ကြောင်း လေးကြောင်းခွဲကာ စစ်ကြောင်းထိုးနေခြင်းဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက MPA သို့ပြောသည်။
” စစ်ကြောင်းလေးကြောင်းကိုမှ ရှေ့ထွက်အင်အား ၅၀၀ လောက်ရှိတယ်။ နောက်က ၃၀၀ လောက်ရှိတယ်။ သူတို့(စကစ) ပထမစစ်ကြောင်းက ၄ကြောင်းထိုးခဲ့တာကိုး။ တစ်ကြောင်းတစ်ကြောင်းမှာ ရာဂဏန်းရှိတယ်ဗျ။ အဲ့ဒါကိုမှ နောက်ချန်ကတစ်ကြောင်းတည်းထပ်ထိုး ဒရုန်းနဲ့တောက်လျှောက်ချ အဲ့လိုဖြစ်တာ “ဟု ၎င်းကဆိုသည်။
စစ်ကော်မရှင်သည် သာလွန်အင်အားဖြင့် ဒရုန်းအများအပြားအသုံးပြု၍ ကလေး-တမူးအာရှလမ်းမကြီးအတိုင်း စစ်ကြောင်းထိုးနေခြင်းဖြစ်ပြီး လက်ရှိတွင် တော်လှန်ရေးအင်အားစုများအနေဖြင့် စိုးမိုးနယ်မြေများမှ ဆုတ်ခွာပေးနေရသည့်အခြေအနေတွင်ရှိကြောင်း သိရသည်။
အဆိုပါစစ်ကြောင်းသည် တော်လှန်ရေးအင်အားစုများ သိမ်းပိုက်ထိန်းချုပ်ထားသည့် စစ်ကိုင်းတိုင်း၊ ခမ်းပါတ်မြို့အထိစစ်ကြောင်းထိုးနိုင်သည့် အခြေအနေတွင်ရှိပြီး ကလေး-တမူးကားလမ်းမတလျှောက်ရှိ ကျေးရွာများအနေဖြင့် ဘေးလွတ်ရာသို့ရှောင်တိမ်းနေကြရသည်။
” ဒီဘက်မှာတော့ ရှောင်ဖို့ပြင်နေကြတယ်။ ပစ္စည်းတွေကြိုရွှေ့ကြတာပဲ၊ တခါတည်း ကြိုရှောင်ထားကြတဲ့သူတွေတော့ရှိတယ်။ နည်းသေးတယ်။ အခုကထိတွေ့တိုက်ပွဲ အပြင်းအထန်မရှိသေးတော့ စစ်ကြောင်းကလည်း ဘယ်နားရောက်လဲ သေချာမသိရသေးဘူး ” ဟု ခမ်းပါတ်မြို့ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
အိန္ဒိယ-မြန်မာအဓိကကုန်သွယ်ရေးလမ်းကြောင်း၊ တမူး-ကလေးကားလမ်းမကြီးပေါ်တွင်ရှိသော ခမ်းပါတ်မြို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ၂၀၂၃ခု၊ နိုဝင်ဘာ၇ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး ယနေ့အချိန်ထိ ထိန်းချုပ်ထားဆဲဖြစ်သည်။
စစ်ကော်မရှင်သည် ယခုရက်ပိုင်းအတွင်း ဂန့်ဂေါမြို့နယ်ဘက်မှ စစ်ကော်မရှင်တပ်သားများနှင့် ပျူစောထီးများကို ကလေးမြို့သို့ စစ်ထောက်ပို့ရဟတ်ယာဥ်ဖြင့် ပို့ဆောင်ပေးခဲ့သည့်အပြင် Y8၊ ATR 72စစ်ထောက်ပို့လေယာဥ်များဖြင့်လည်း (၇)ကြိမ်ထက်မနည်း အင်အားဖြည့်တင်းမှုများကို အဆက်မပြတ်လုပ်ဆောင်လျက် ရှိကြောင်းသိရသည်။
” ဒီမနက်ကို ထောက်ပို့လေယာဥ်တွေကဆင်းတယ်။ ဒီရက်ပိုင်း ကလေးမြို့ကိုအင်အားအတော်ဖြည့်နေတဲ့သဘောပဲ။ ဟိုတစ်နေ့ကရောက်တာတွေတော့ ကား၆စီးနဲ့နှစ်ခေါက် စခန်းကြီးဘက်၊ လေ့ကျင့်ရေး(၁၀)ဘက်ကိုပို့တယ်လို့သိရတယ်။ အခုလောလောဆယ်တော့ ကလေးမြောက်ပိုင်းကိုအားစိုက်နေတဲ့သဘောပဲ ” ဟု ကလေးမြို့ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
ယင်းအပြင် စစ်ကော်မရှင်သည် ကလေးမြို့အနောက်ပိုင်း ချင်းတောင်အစပ်ရှိ ခိုင်ကမ်းမြို့ဘက်ကိုလည်း အင်အားဖြည့်တင်းမှုများပြုလုပ်လျက်ရှိပြီး ကလေးတောင်ပိုင်းနှင့် ချင်းတောင်ဘက်သို့လည်း စစ်ကြောင်းထိုးနိုင်သည့်အခြေအနေရှိကြောင်း အထက်ပါအမျိုးသားက သုံးသပ်သည်။
လက်ရှိတွင် ကလေး-တမူးလမ်းပိုင်း သွားလာခွင့်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ကန့်သတ်ထားပြီး အချိန်မရွေးထိတွေ့တိုက်ပွဲများဖြစ်လာနိုင်သည့်အတွက် ပြည်သူများအနေဖြင့် ကာကွယ်ရေးတပ်ဖွဲ့များ၏ အခါအားလျော်စွာ သတိပေးထုတ်ပြန်ချက်များကို ပူးပေါင်းလိုက်နာပေးကြရန် တိုက်တွန်းထားသည်။
စာတည်း-ကိုဆန်း
ဓာတ်ပုံ- အမှတ်(၁)စစ်ဒေသ
ပုံစာ- ခမ်ပါတ်မြို့ကိုကာကွယ်ရေးတပ်များသိမ်းပိုက်ခဲ့စဥ်က မြင်ကွင်း
