ယခုလအတွင်း TNLA ထိန်းချုပ်မြို့များကို စစ်ကော်မရှင်ဗုံးကြဲမှု ပြည်သူ ၄၀ကျော်ထိ သေဆုံးမှုရှိလာ

ဓာတ်ပုံ-TNLA
ပုံစာ-TNLA ထိန်းချုပ်ထားသည့် မြို့များကို ယနေ့ စစ်တပ်ဗုံးကြဲပြီးနောက် မြင်ကွင်း

ယခုလ(အောက်တိုဘာ) တစ်ရက်နေ့မှ ၁၉ရက်နေ့အထိ စစ်ကော်မရှင်က တအာင်းတပ်မတော်(TNLA)ထိန်းချုပ်ထားသည့် မြို့များကို လေကြောင်းအသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၄၃ဦးသေဆုံးပြီး ၅၀နီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း TNLA ထုတ်ပြန်ချက်များအရသိရသည်။

TNLA ထိန်းချုပ်ထားသည့် မြို့များဖြစ်သည့် မိုးကုတ်၊ မိုးမိတ်၊ နမ္မတူ၊ မိုင်းငေါ့၊ မိုင်းလုံ၊ နမ့်ဆန်နှင့် စစ်ကော်မရှင် ပြန်လည်သိမ်းပိုက်ခဲ့သည့် သီပေါ၊ ကျောက်မဲမြို့များကို စစ်တပ်က ယခုလအတွင်း လေကြောင်းတိုက်ခိုက်မှုများပိုမိုပြုလုပ်ခဲ့သောကြောင့် ပြည်သူသေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရရှိမှုများ ပိုမိုများပြားလာခြင်းလည်းဖြစ်သည်။

“ဒီနေ့ နမ့်ဆန်မှာဆိုရင် နှစ်နေရာတောင် ဗုံးကြဲသွားတယ်။ နာရီပိုင်းပဲခြားတာ၊ တစ်နေရာကမြို့ထဲက မီးသတ်ရုံ၊ နောက်တစ်နေရာက လွယ်ပိန်းရွာကို ကြဲသွားတာ၊ ရွာမှာက အိမ်စောင့်လောက်ပဲရှိတာ၊ အများစုက တောင်ယာလုပ်ငန်းခွင်သွားနေလို့ သိပ်မထိတာ၊ အခု စစ်တပ်က သီပေါရသွားတော့ ဒီဘက်ထိတိုးလာနိုင်တဲ့အခြေအနေရှိတယ်။ အဲ့ဒါကြောင့် ဆက်တိုက် ဗုံးကြဲနေတာ” ဟု နမ့်ဆန်မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

ယနေ့(အောက်တိုဘာ ၁၉ရက်)တစ်ရက်ထဲတွင် စစ်ကော်မရှင်က TNLA ထိန်းချုပ်ထားသည့် မိုးကုတ်၊ နမ်ဆန်၊ မိုင်းငေါ့နှင့် မန်တုံမြို့များကို ဗုံးကြဲတိုက်ခိုက်မှုများပြုလုပ်ခဲ့သည်။

ယခုကဲ့သို့ စစ်ကော်မရှင်က TNLA ထိန်းချုပ်ထားသည့် မြို့များကို လေကြောင်းတိုက်ခိုက်မှု ပိုမိုပြုလုပ်လာခြင်းကြောင့် တအာင်းတပ်မတော်ဦးဆောင်ဖွင့်လှစ်ထားသည့် တအာင်းပြည်ပညာရေးကောင်စီ၏ စာသင်ကျောင်းများ ပိတ်ထားရကြောင်း ဒေသခံများက ပြောသည်။

“အခုဒေသခံတွေက ရှောင်နေရတဲ့ အခြေအနေမျိုးရှိတယ်။ ညဆိုရင် ရွာထဲမအိပ်ရဲကြဘူး။ ဘယ်အချိန် ဗုံးလာကြဲမှာလဲဘဲ စိတ်ပူနေကြတယ်။ စာသင်ကျောင်းတွေလည်း ပိတ်ထားတယ်။ ဟိုမိန်းရွာကို ကြဲတုန်းက ဆရာမတစ်ယောက်ထိသွားတယ်လို့ကြားတယ်” ဟု နမ့်ဆန်မြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၃ခုနှစ်က စတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးပထမပိုင်းနှင့် စစ်ဆင်ရေးဒုတိယပိုင်းတို့တွင် TNLA က ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့ ၁၂မြို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး လက်ရှိ နောင်ချို၊ ကျောက်မဲနှင့် သီပေါမြို့တို့ကို စစ်ကော်မရှင်က သုံးလအတွင်း ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်။

အထက်ပါ မြို့သုံးမြို့ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည့် စစ်ကော်မရှင်က ကျန်ရှိသေးသည့် မြို့ ၉မြို့ကို ထပ်မံသိမ်းပိုက်လိုသည့်အတွက် လေကြောင်းအသုံးပြုပြီး နေ့စဉ် စစ်ရေးဖိအားပေးမှုများ လုပ်ဆောင်နေခြင်းလည်းဖြစ်သည်။

“ကျတော်တစ်ဦးထဲအမြင်အရတော့ စစ်တပ်က သူတို့ကျင်းပမဲ့ ရွေးကောက်ပွဲ ပိုနီးလာတော့ သူတို့ရွေးကောက်ပွဲ ကျင်းပမဲ့ မြို့တွေကို မရရအောင် ပြန်ယူနေတာဖြစ်မယ်။ ပြီးတော့ သူတို့ စစ်ရာဇဝတ်မှုတွေ ဘယ်လောက်လုပ်ပါစေ ဘယ်သူက(ကုလသမဂ္ဂနှင့် နိုင်ငံတကာ)မှ သူတို့ကို အရေးမယူနိုင်ဘူးဆိုတဲ့ အတွေးတွေပါဝင်နေပြီ၊ နောက်တစ်ချက်တော့ တအာင်းတပ်ကို တောက်လျှောက် ဖိအားပေးချင်တာလဲပါမယ်” ဟု ရှမ်းပြည်နယ်မြောက်ပိုင်းတွင်နေထိုင်သည့် အမျိုးသားတစ်ဦးက သုံးသပ်သည်။

လက်ရှိ စစ်ကော်မရှင်တပ်သည် TNLA ထိန်းချုပ်ထားသည့် မြို့များသာမက တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်ထားသည့် နေရာများကို မြေပြင်စစ်ကြောင်းထိုးခြင်း၊ လက်နက်ကြီး၊ ဒရုန်းနှင့် လေကြောင်းအသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်မှုများကို နေ့စဉ်ပြုလုပ်ကာ ပြည်သူများကို သတ်ဖြတ်ပြီး စစ်ရာဇဝတ်မှုများအား ရက်ဆက် ကျူးလွန်လျက်ရှိနေသည်။

စာတည်း-ကိုဆန်း