မန္တလေးတိုင်း၊ မိတ္ထီလာအကျဉ်းထောင်မှ အမျိုးသမီး နိုင်ကျဉ်းတစ်ဦး ထွက်ပြေးလွတ်မြောက်ခဲ့ပြီးနောက် ထောင်ပိုင်အပါအဝင် ထောင်ဝန်ထမ်း ၆ဦး အလုပ်ဖြုတ်ခံခဲ့ရကြောင်း စုံစမ်း သိရှိရသည်။
အဆိုပါ ထောင်ဖောက်ပြီး ထွက်ပြေးလွတ်မြောက်ခဲ့သည့် သတင်းကို ဖုံးထားသော်လည်း ပြင်ပသို့ ပေါက်ကြားသွားခဲ့သဖြင့် ယခုလအတွင်း၌ (အောက်တိုဘာလ) အလုပ်ဖြုတ်ခံခဲ့ရခြင်းဖြစ်ကြောင်း မိတ္ထီလာအကျဉ်းထောင်နှင့် နီးစပ်သူများက ပြောသည်။
” အရင်ကတော့ သူတို့ဘာသူတို့ (ထောင်အာဏာပိုင်များ) အပြင်ကိုသတင်းမထုတ်ဘဲ ကြိတ်ပြီးတော့ ရှာနေကြတာမျိုးဘဲ လုပ်နေကြတယ်၊ ပြီးတော့ သတင်းက ပေါက်သွားပြီး အကုန်သိသွားကြတော့မှ ထောင်ပိုင်ရော ဝန်ထမ်းတွေပါ အလုပ်ဖြုတ်ခံရတာပါ ” ဟု မိတ္ထီလာအကျဉ်းထောင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၁၅ရက်၊ ညနေက မိတ္ထီလာထောင်အတွင်း အကြမ်းဖက်ပုဒ်မ၊ ပုဒ်မ ၅၂(က)ဖြင့် ဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဉ်းသူတစ်ဦးသည် အမျိုးသမီးဆောင်(မူဆယ်ဆောင်)ရှိ၊ မိလ္လာမြောင်းပေါက်မှတဆင့် ထွက်ပြေးလွတ်မြောက်ခဲ့ခြင်းဖြစ်သည်။
ယင်းကဲ့သို့ ထွက်ပြေးလွတ်မြောက်ခဲ့မှုကြောင့် မိတ္ထီလာအကျဉ်းထောင်မှ ထောင်ပိုင်ကြီး စောဘောနီ အပါအဝင် အမျိုးသမီးဆောင်မှ နှစ်ပွင့်အရာရှိ ဇာနည်ဝင်း၊ တပ်ကြပ်ကြီး ရီရီဌေး၊ ဒုတပ်ကြပ် သင်းသင်းခိုင်၊ တပ်သား အေးမိုးထက်နှင့် ဂတ်ကြီး ခေါ် ထောင်ဗူးဝအပေါ်ရှိ ကင်းစောင့်သည့် ဂိတ်၌ တာဝန်ကျသည့် ဝန်ထမ်းတစ်ဦး စုစုပေါင်း ခြောက်ဦး အလုပ်ဖြုတ်ခံခဲ့ရကာ ထောင်ဆေးရုံအတွင်း၌ တာဝန်ကျသည့် ဆေးမှူးညီညီနိုင်နှင့် တပ်ကြပ်ကြီး နန်းသွင်တို့သည်လည်း ထောင်ပြောင်းရွှေ့ခံခဲ့ရကြောင်း သိရသည်။
” ကျမတို့ ထောင်ထဲမှာ အဖမ်းခံနေရတုန်းကဆို ၂၀၂၂နှစ်ဝန်းကျင်ပါ၊ အလုပ်ဖြုတ်ခံခဲ့ရတဲ့ ဇာနည်ဝင်းဆိုတဲ့ တစ်ယောက်က အိမ်ကို ဖုန်းဆက်သွယ်ချင်ရင် သူ့ဆီကပဲ ဆက်သွယ်ရမယ်၊ မဆက်သွယ် ထောင်ပြောင်းပို့မယ်ဆိုပြီး ခြိမ်းခြောက်တယ်၊ တစ်ခါခေါ်ရင် ၃ထောင် ပေးရတယ်။ သူက လာဘ်စားမှုတွေကြောင့် နှစ်ပွင့်ကနေ ရာထူးမတိုးတော့တာ ” ဟု မိတ္ထီလာအကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသူဟောင်းတစ်ဦးက ပြောသည်။
၂၀၂၅ခုနှစ်၊ ဇန်နဝါရီလမှစတင်ကာ မိတ္ထီလာ အကျဉ်းထောင်ရှိ အမျိုးသမီးဆောင်ကို ထောင်ဝန်ထမ်း အနည်းဆုံး ၄ဦးဖြင့် လုံခြုံရေးယူထားသည့်အပြင် စနိုက်ဘာသမားတစ်ဦးကလည်း အမြဲ စောင့်ကြည့်နေသည့်ကြားမှ နိုင်ငံရေးအကျဉ်းသူသည် စက်တင်ဘာလအတွင်း ထွက်ပြေးလွတ်မြောက်ခဲ့ခြင်းဖြစ်သည်။
” အမျိုးသမီးဆောင်မှာ စကားပြောတာ အဆင်မပြေတာတွေရှိတယ်၊ အဓိကကတော့ အခုပြုတ်သွားတဲ့ ဇာနည်ဝင်းနဲ့ တန်းစီးဟောင်းနဲ့ ပြဿနာဖြစ်ပြီးတဲ့နောက်ပိုင်းမှာ ရန်ဖြစ်တာလေးတွေ နည်းနည်းများတော့ စနိုက်ဘာနဲ့ ၂၀၂၅ခုနှစ်ကတည်း ချိန်ထားတာပါ ” ဟု မိတ္ထီလာအကျဉ်း ထောင်မှ ပြန်လည်လွတ် မြောက်လာသည့် နိုင်ငံရေးအကျဉ်းသူ ဟောင်းတစ်ဦးက ပြောသည်။
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းခဲ့သည့် ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ ၁ရက်မှ ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၁၇ရက်အထိ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၉၈၃၈) ဦးရှိကာ အကျဉ်းထောင်များ ဖမ်းဆီးခြင်းခံနေရသူမှာ (၂၂၅၃၂) ဦးဖြစ်ကြောင်း နိုင်ရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)၏ စာရင်းများအရ သိရသည်။
စာတည်း-ကိုဆန်း
