မွန်ပြည်နယ်တွင် နေလှန်းဆားရာသီအစတွင် ဆားကြမ်းတစ်ပိဿာ ကျပ်တစ်ထောင်ထိ စျေးရသော်လည်း လိုအပ်သည့် ဆားကြမ်းများ ထုတ်လုပ်နိုင်ရေးအတွက် အလုပ်သမား ခေါ်ယူရန် အခက်ကြုံနေရကြောင်း ဆားတောင်သူများက ပြောသည်။
မွန်ပြည်နယ်တွင် နှေလှန်းဆားလုပ်ငန်းကို နှစ်စဉ် စက်တင်ဘာလကုန်ဝန်းကျင်နှင့် အောက်တိုလ အစောပိုင်း၌ လုပ်ငန်းစလေ့ရှိကြောင်း သိရသည်။
သို့သော် ယခုနှစ် နေလှန်းရာသီအစတွင် မိုးရွာသွန်းနေခြင်းနှင့် အလုပ်သမားခေါ်ယူရန် အခက်အခဲများကြောင့် လိုအပ်သည့် ဆားကြမ်းများ အချိန်မီ ထုတ်လုပ်နိုင်ခြင်း မရှိသေးပေ။
“ပုံမှန် လုပ်ငန်းစရမဲ့အချိန်မှာ လုပ်ငန်းမစနိုင်သေးတော့၊ လိုအပ်တဲ့ ဆားပမာဏကို ဈေးကွက်အတွင်း မဖြန့် နိုင်တော့ ရှားလာတယ်။ အဲ့ဒါကို ဈေးကောင်းပေးပြီး ဝယ်နေရတယ်၊ ပြီးတော့ အလုပ်သမားတွေ ခေါ်မရနေတော့ ပိုဆိုးသွားတယ်၊ တောင်သူတွေ အကျိုးမရှိဘူး” ဟု သံဖြူဇရပ်မြို့နယ် စက်စဲကျေးရွာမှ ဆားတောင်သူတစ်ဦးက MPA သို့ ပြောသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် နေလှန်းဆားကြမ်းရာသီအစတွင် ဆားကြမ်း တပိဿာ ငွေကျပ် ၁၀၀ ဝန်းကျင်ရှိရာမှ တဖြည်းဖြည်း ဈေးတက်လာပြီး ယခုနှစ် ဆားလုပ်ငန်းရာသီအစတွင် ငွေကျပ် ၁၁၀၀ အထိ စံချိန်တင် ဈေးမြင့်တက် လာခြင်းဖြစ်သည်။
လက်ရှိ တောင်သူများသည် ဆားကြမ်းထုတ်လုပ်နိုင်ရန် အလုပ်သမားရှာပုံတော်ဖွင့်နေရပြီး ကျွမ်းကျင် အလုပ်သမားများသည် ပြည်ပအိမ်နီးချင်းနိုင်ငံဘက်သို့ သွားရောက်အလုပ်လုပ်ကိုင်နေကြောင်း သိရသည်။
“ဘယ်လိုမှ ခေါ်မရတော့တဲ့အခြေအနေဖြစ်နေတာ၊ အချို့လူတွေ ကျန်နေတာတော့ ရှိတယ်၊ တကယ်ကျွမ်းကျင် လုပ်သားတွေ ထိုင်းဘက် သွားကြတာ၊ အလုပ်သမားလည်း မရှိတဲ့အခြေအနေမှာ ဒီအလုပ်ပုံမှန်လည်ပတ်ဖို့ အလုပ်ရှင်တိုင်းက လူလိုနေတာ. နိုင်ငံရေးအခြေအနေကြောင့်လည်းပါမယ်၊ လူတွေ ပြည်တွင်းမှာ မနေရဲ ကြတော့တာ” ဟု သံဖြူဇရပ်မြို့နယ် ငပကျေးရွာမှာ ဆားတောင်သူ အမျိုးသမီးတစ်ဦးက ပြောသည်။
လက်ရှိ လုပ်ငန်းခွင်အတွင်း သက်ကြီးပိုင်း လုပ်သားများကို အားကိုးနေရသည့်အတွက် ရာသီဥတုဒဏ်နှင့် ပင်ပန်း မှုဒဏ် ခံနိုင်ရည်နည်းပါးကြပြီး အလုပ်မတွင်မှုများ ရှိနေကြကြောင်း ၎င်းက ဆက်ပြောသည်။
ထို့အပြင် နေ့စားခ အလုပ်သမားတစ်ဦးကို တရက်လျှင် ကျပ် ၁၁၀၀၀ မှ ၁၃၀၀၀ ကြားလုပ်အားခရှိပြီး လခစားအလုပ်သမားတစ်ဦးလျှင် ကျပ် ၅ သိန်းမှ ၇ သိန်းဝန်းကျင်ကြား လုပ်အားခရရှိကြောင်း ဆားတောင်သူများ ကပြောသည်။
မွန်ပြည်နယ်နေလှန်ဆားလုပ်ငန်းခွင်များသည် ယခင်နှစ်များတွင် ရာသီဥတုဒဏ်ကြောင့် ထိခိုက်ပျက်စီးမှု များပြားခဲ့ပြီး အထွေထွေကုန်ကျစရိတ်ကြီးမြင့်မှုများကြောင့် အရှုံးများနှင့်သာ ရင်ဆိုင်ခဲ့ရကြောင်း တောင်သူများက ပြောသည်။
“နှစ်တိုင်း ဆုံးရှုံးနေတာ များနေပြီ၊ ဒီအလုပ် ဆက်လုပ်ရမလားလို့တောင် စဉ်းစားစရာဖြစ်လာတယ်။ အရမ်းကို ခက်ခဲကျပ်တည်းနေတဲ့အချိန်၊ ရာသီဥတုဖောက်ပြန်မှုတွေရယ်၊ ဒါတွေက သက်ရောက်မှု ကြီးမားတယ်။ အတိုးနဲ့ ငွေချေးပြီး လုပ်နေတာ၊ အခု အဲဒီအတိုးပေါ် အတိုးဆင့်နဲ့ ပြန်မဆပ်နိုင်တော့ဘူး။ အစိုးရကလည်း ဘာမှ လုပ်ပေးနိုင်တာ မရှိဘူး” ဟု နောက်ထပ် သံဖြူဇရပ်မြို့နယ်မှ အသက် ၅၀ ကျော်အရွယ် ဆားတောင်သူတစ်ဦးက ပြောသည်။
မွန်ပြည်နယ်တွင် နေလှန်းဆားကို သံဖြူဇရပ်၊ ရေး၊ ပေါင်မြို့နယ်တို့၌ အဓိက ထုတ်လုပ်ပြီး နှစ်စဉ် ဆားကြမ်း တန်ချိန် ၄၀၀၀၀ ကျော်ထွက်ရှိနေသည်။
မြန်မာနိုင်ငံတွင် ဒုတိယအထွက်များဆုံးဖြစ်သည့်မွန်ဒေသထွက် ဆားကြမ်းများကို ပြည်တွင်း စားသုံးမှုများအပြင် ပြည်ပ အိမ်နီးချင်းနိုင်ငံအချို့ကို ပို့ဆောင်ကြောင်း တောင်သူများက ပြောသည်။
စာတည်း-ကိုဆန်း
