စစ်ကြောင်းထိုးနေသည့် စစ်ကိုင်းတိုင်း ၊ ဆားလင်းကြီးမြို့နယ်အတွင်း စစ်တပ်က ပါရာမော်တာဖြင့် ဗုံးထပ်ကြဲခဲ့ရာ ပြည်သူတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
အောက်တိုဘာ ၂၀ ရက်၊ ညနေ ၅ နာရီခွဲဝန်းကျင်တွင် မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ်(နမခ)မှ တက်လာသော ပါရာမော်တာ ၂ စင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဆားလင်းကြီးမြို့နယ်၊ ထန်းပုရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ထန်းပုရွာနေ အမျိုးသားတစ်ဦး သေဆုံးခဲ့ကာ ဒဏ်ရာရသူ၃ဦးအနက် တစ်ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း ချင်းတွင်းမြစ်ကမ်းဘေး ကျေးရွာ များ သပိတ်စစ်ကြောင်း အဖွဲ့ထံက သိရသည်။
“မနေ့ကပါရာမော်တာနဲ့ချသေးတယ်။ရွာထဲကျတာပါ။အမျိုးသား တစ်ဦးသေတယ်။အသက်တော့ မသိရသေးဘူး။ ၃ဦးဒဏ်ရာရတယ်။ ကျား၂ယောက်၊ မ တစ်ယောက်ပါတယ်။ ထန်းပုရွာက ပြည် သူတွေပါပဲ။ အမျိုးသား တစ်ဦးကခြေဖြတ်ရတယ်။ ဆေးကုသမှုခံနေတယ်။သူတို့ကရွာခံပါ”ဟု ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများ သပိတ်စစ်ကြောင်းအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။
ထန်းပုရွာသည် ဆားလင်းကြီးမြို့နှင့် ၂ မိုင်ကျော်သာဝေးပြီး အိမ်ခြေ ၂၀၀ ကျော်ရှိကြောင်း သိရသည်။
အောက်တိုဘာ ၁၈ရက်မှစတင်၍ ညောင်ပင်ကြီးစခန်းမှအင်အား ၁၅၀ ခန့်ဖြင့် ထွက်လာသည့် စစ်ကြောင်းသည် စစ်ကြောင်း ၂ ကြောင်းခွဲကာ ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းရှိ မြန်မာဝမ်ပေါင်စက်ရုံအနီး ကျေးရွာများသို့ လှည့်လည်စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။
“ရွေးကောက်ပွဲလည်းနီးလာတော့ နယ်မြေလိုချင်တာရော ရွေးကောက်ပွဲနေရာလုပ်မယ့် ဆားလင်းကြီးနဲ့ ဝမ်ပေါင်ကို ကာချင်တာရောထင်ပါတယ်”ဟု ၎င်းက ဆက်လက်ပြောသည်။
ယင်းစစ်ကြောင်းကြောင့် ဆည်တည်း ၊ ဝက်မှေး ၊ ဖောင်းကထာ ၊ မိုးကြိုးပြင် ၊ တုန်းတော ၊ထန်းတောကြီး ၊ ဘင်္ဂါး ၊ တုံနှင့် လယ်တီကျေးရွာတို့အပါအဝင် ကျေးရွာ ၂၀ ကျော်မှ ပြည်သူ သောင်းချီ စစ်ရှောင်နေရကြောင်း သိရသည်။
ယနေ့ (အောက်တိုဘာ ၂၁ ရက်) နေ့လယ် ၁၁ နာရီခွဲအထိ ယင်းစစ်ကြောင်းသည် ဆည်တည်းရွာအနီးတစ်ဝိုက်တွင်သာ ငြိမ်နေပြီး ဆားလင်းကြီးမြို့အထိ ဆက်လက်ဦးတည် သွားနိုင်ကြောင်းလည်း အညာပစ်တိုင်းထောင်လေးများ အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အောက်တိုဘာ ၁၀ ရက် ညနေတွင် ဆားလင်းကြီးမြို့နယ်၊ ကြေးစင်တောင်မှ ကြေးနီတူးယူနေသည့် တရုတ်ပိုင် ယန်စီကုမ္ပဏီဝင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ပေါက်ကွဲသံ ၃ချက်ကြားရကာ ထိခိုက်ပျက်စီးမှုနှင့် မည်သည့်အဖွဲ့က ပစ်ခတ်သည်ကိုမူ အတည်မပြုနိုင်သေးပေ။
စာတည်း-ML
