လှိုင်သာယာ သောင်ကြီးရဲစခန်းကို လက်ပစ်ဗုံးဖြင့် တိုက်ခိုက်

ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ သောင်ကြီးရဲစခန်းကို မြို့ပြပြောက်ကျားများက လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲများထိခိုက်မှုရှိနိုင်ကြောင်း သိရသည်။

အောက်တိုဘာ ၂၁ ရက်၊ ည၉ နာရီ ၄၈ မိနစ်ခန့်တွင် လှိုင်သာယာမြို့နယ် အနောက်ပိုင်း ၊ အနော်ရထာလမ်းမပေါ်ရှိ ရဲအင်အား ၂၀ ကျော်ရှိသည့် သောင်ကြီးရဲစခန်းကို မြို့ပြပျောက်ကျားများက လက်ပစ်ဗုံးများနှင့် ပစ်ခတ်ခဲ့ရာ ရဲစခန်းဝင်းဂိတ်ကင်းအနီး ကျရောက်ပေါက်ကွဲခဲ့ပြီး ရဲများထိခိုက်မှုရှိနိုင်ကြောင်း Operation Flame (OF) အဖွဲ့က ယနေ့ (အောက်တိုဘာ ၂၂ ရက်) သတင်းထုတ်ပြန်ထားသည်။

“သူက စခန်းတော့ နည်းနည်းကြီးတယ်။ ခန့်မှန်းတော့ အင်အား ၂၀-၂၅လောက် ရှိနိုင်တယ်။ လက်ပစ်ဗုံး ၃လုံးနဲ့ ပစ်ခတ်တိုက်ခိုက်တာပါ။ရဲစခန်းဝင်း ဂိတ်ကင်းနားကျရောက်ပေါက်ကွဲပြီး ရန်သူထိခိုက်မှုရှိနိုင်ပါတယ်။ သူတို့ရှေ့ ဂိတ်ကင်းနားအထိ ပစ်မှတ်ကို ပစ်ခတ်နိုင်ခဲ့တယ်။ အဲ့ဒီ့ ဂိတ်ကင်းနား ကျတယ်။ဂိတ်ကင်းက ပုံမှန် ၃-၄-၅ကောင် ရှိတတ်တယ်ဗျ။ ရဲစခန်းထဲကို ဆေးရုံကား‌တွေဝင်သွားတယ်လို့ မြေပြင်သတင်းရရှိပါတယ်”ဟု Operation Flame (OF)အဖွဲ့မှ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက MPA သို့ပြောသည်။

ယင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရခဲ့သည့် ရဲအရေအတွက်ကို ဆက်လက်စုံစမ်းနေဆဲ ဖြစ်ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုကို Operation Flame (OF) ၊ရန်ကုန် အနောက်ပိုင်းခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ လသာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် ကြည့်မြင်တိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်သည်။

စာတည်း-ML