အပန်းဖြေရာတွင် အသုံးပြုသည့် ပါရာမော်တာကိုပင် စစ်တပ်က လက်နက်အဖြစ်အသုံးပြုကာ အရပ်သားပြည်သူများအား ဗုံးကြဲတိုက်ခိုက်နေကြောင်း သံအမတ်ကြီးဦးကျော်မိုးထွန်းက ပြောသည်။
အောက်တိုဘာ၂၁ရက်၊ကုလသမဂ္ဂတွင် ကျင်းပသည့် နျူကလီးယားလက်နက်ဖျက်သိမ်းရေးဆိုင်ရာ ဆွေးနွေးပွဲ၌ ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းက မိန့်ခွန်းပြောကြားစဉ် ပါရာမော်တာကိုပင် လက်နက်အဖြစ်အသုံးပြုနေသည့် စစ်တပ်က နျူကလီးယားစွမ်းအင်ကိုလည်း လက်နက်အဖြစ်သာ အသုံးပြုလိမ့်မည် ဖြစ်ကြောင်းလည်း ဆိုသည်။
“သန်းရွှေကစလို့ မြောက်ကိုရီးယားကို သိပ်အားကျကြတယ်။နျူကလီးယားသာပိုင်ရင် အမေရိကန် လည်း ဂရုစိုက်စရာမလိုတော့ဘူးဆိုတာမျိုး။ နျူကလီးယားသာပိုင်ရင် တရုတ်ရော အာဆီယံ ရော အကုန်ပတ်ခြိမ်းခြောက်ပစ်မယ်လို့ မအလ က အိပ်မက်မက်နေပုံရတယ်။နျူကလီးယားဆိုတာ လောက်စာလုံးထုတ်သလောက် လွယ်တယ်လို့ ထင်နေသလားပဲ”ဟု ရန်ကုန်အခြေစိုက်နိုင်ငံရေး ဆောင်းပါးရှင်တစ်ဦးက MPAသို့ပြောသည်။
စစ်အုပ်စုက နျူကလီးယား လက်နက် ပိုင်ဆိုင်သည့် နိုင်ငံတစ်နိုင်ငံနှင့်ပူးပေါင်း၍ “နျူကလီးယားစွမ်း အင် အစီအစဉ်” ဟု အမည်တပ် ဆောင်ရွက်နေမှုအပေါ် အလေးအနက် စိုးရိမ်မိကြောင်းနျူကလီး ယား စွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြုရန်ဟူသော အယူအဆသည် စစ်အုပ်စုနှင့် အပြန်အလှန် ဆန့်ကျင်ဘက်ဖြစ်သည်ကို သတိပေးပြောကြားလိုကြောင်းလည်း သံအမတ်ကြီးက ဆိုသည်။
ဆက်လက်ပြီး သံအမတ်ကြီးက စစ်အုပ်စု ပြုလုပ်ရန်စီစဉ်နေသည့် အတုအယောင်၊ အလိမ်အညာ ရွေးကောက်ပွဲကို ပံ့ပိုးမည့် မည်သည့် နိုင်ငံတကာအထောက်အပံ့ သို့မဟုတ် အကူအညီပေးမှု များသည် စစ်အုပ်စု၏ အန္တရာယ်ရှိသော နျူကလီးယား ရည်မှန်းချက်များ အကောင်အထည်ဖော် နိုင်ရန် တစ်ဆင့်တိုး၍ နီးကပ်သွားစေမည်ဟု ထပ်လောင်းပြောကြားလိုကြောင်းလည်း ဆိုသည်။
စာတည်း-ML
