စစ်အာဏာရှင် ရွေးကောက်ပွဲကို ထောက်ခံခြင်းသည် ကျားဖြန့်စင်တာများ တရားဝင်အောင် ကူညီခြင်းဟုဆို

ဓာတ်ပုံ - CRPH
ပုံစာ - နိုင်ငံတကာပါလီမန်များညီလာခံ တက်ရောက်နေသော ဒေါက်တာဝင်းမြတ်အေး။

စစ်အာဏာရှင်က ကျင်းပမည့် ရွေးကောက်ပွဲကို ထောက်ခံခြင်းသည် ဒေသတွင်း၌ အွန်လိုင်းလိမ်လည်မှုများနှင့် ကျားဖြန့်စင်တာများ တရားဝင် ရပ်တည်နိုင်ရန် ကူညီလုပ်ဆောင်ခြင်းနှင့်အတူတူပင် ဖြစ်ကြောင်း ဒေါက်တာဝင်းမြတ်အေးက ပြောသည်။

အောက်တိုဘာ ၁၉ရက်မှစတင်ကာ ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့၌ ကျင်းပလျက်ရှိသည့် ၁၅၁ ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံ၌ မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဒေါက်တာဝင်းမြတ်အေးက ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

” နယ်စပ်မှုခင်းတွေ၊ တရားမဝင် အွန်လိုင်းလိမ်လည်မှုတွေကနေ မြန်မာစစ်တပ်ဟာ အကျိုးအမြတ်ရနေပြီး ကမ္ဘာ့နိုင်ငံ ၇၀ ကျော်ရဲ့ ပြည်သူတွေပါ ဒီ Scam Centerတွေမှာ ကျွန်ပြုခံနေရ‌တာတွေနဲ့ ဆက်စပ်နေတယ် ” ဟု ၎င်းက ပြောသည်။

လက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော အကျပ်အတည်းများသည် သူ့အလိုလို ဖြစ်လာခြင်းမဟုတ်ဘဲ စစ်အာဏာရှင်သည် အဓိကတရားခံဖြစ်ကြောင်း၊ ရာဇဝတ်မှုများ ကျူးလွန်နေသည့်စစ်တပ်က စစ်ကော်မရှင်ဖွဲ့၍ ရွေးကောက်ပွဲလုပ်ခြင်းသည် လက်ရှိအကျပ်အတည်း၏ အဖြေမဟုတ်ကြောင်းလည်း ဆိုသည်။

” ရွေးကောက်ပွဲမှာ စစ်ကော်မရှင်ရဲ့ ကျောထောက်နောက်ခံ ပါတီ၊ အဖွဲ့အစည်းတွေနဲ့ အများစုဟာ သူ့ရဲ့မိတ်ဖက်ပါတီတွေပဲ ဖြစ်တဲ့အတွက်ကြောင့် တရားမျှတမှုမရှိနိုင်ဘူး ” ဟု ၎င်းကဆက်လက်ပြောသည်။

နိုင်ငံတကာပါလီမန်များအဖွဲ့ ( IPU ) ကို ကမ္ဘာ့နိုင်ငံပေါင်း ၁၈၃နိုင်ငံတို့မှ နိုင်ငံတော်အဆင့် လွှတ်တော်များဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး ၂၀၂၁ ခုနှစ်၊ စစ်တပ်က အာဏာသိမ်းပြီးနောက် IPU ၏ အမှုဆောင်ကောင်စီက ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ( CRPH ) အား IPU ၏ အဓိက ဆွေးနွေးဖက်မိတ်ဖက်အဖြစ် အသိအမှတ်ပြုခဲ့သည်။

ယခု ကျင်းပနေသည့် ၁၅၁ ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံနှင့် ဆက်စပ်အစည်းအဝေးများကို ဒေါက်တာဝင်းမြတ်အေးနှင့် ဒေါ်ဇင်မာအောင်တို့ ဦးဆောင်သော မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ တက်ရောက်လျက်ရှိသည်။

စစ်ကော်မရှင်က တရားမဝင်ရွေးကောက်ပွဲအပိုင်းတစ်ကို ဒီဇင်ဘာ၂၈ရက်တွင် စတင်ပြုလုပ်ရန် ပြင်ဆင်နေသည်။

စာတည်း-ML