Reuters
မြောက်ကိုရီးယားသည် နိုင်ငံအရှေ့ဘက်ကမ်းရိုးတန်းရှိ ပင်လယ်ပြင်သို့ တာတိုပဲ့ထိန်းဒုံးကျည်များ ဖြစ်နိုင်သည့် လက်နက်များကို စမ်းသပ်ပစ်ခတ်ခဲ့ကြောင်း တောင်ကိုရီးယားစစ်တပ်က ယနေ့ထုတ်ပြန်ထားသည်။
ယခုပစ်ခတ်မှုသည် တောင်ကိုရီးယား၌ အာရှ-ပစိဖိတ်ခေါင်းဆောင်များ၏ အဓိကအစည်းအဝေး ကျင်းပရန် တစ်ပတ်အလိုတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အဆိုပါ လက်နက်များ ထုတ်လုပ်မှုအား နိုင်ငံတကာ၏ ပိတ်ပင်မှုကို ဆန့်ကျင်၍ မြောက်ကိုရီးယားက ပဲ့ထိန်းဒုံးကျည်များ ပစ်ခတ်မှုသည် ပြီးခဲ့သည့် မေလ နောက်ပိုင်း ပထမဆုံးအကြိမ် ဖြစ်သည်။
မြောက်ကိုရီးယားသည် နောက်ဆုံးအကြိမ်အဖြစ် ၎င်း၏အရှေ့ဘက်ကမ်းရိုးတန်းမှ တာတိုဒုံးကျည်များစွာကို မေလ ၈ ရက်နေ့က ပစ်ခတ်ခဲ့သည်။
တောင်ကိုရီးယားသမ္မတ လီဂျေမြောင်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်တို့သည် လာမည့်အပတ်တွင် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (APEC) ဖိုရမ် ထိပ်သီးအစည်းအဝေး၌ တောင်ကိုရီးယားတွင် တွေ့ဆုံရန် စီစဉ်ထားသည်။ ယင်းအစည်းအဝေးတွင် သမ္မတ ထရန့်သည် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့်လည်း တွေ့ဆုံဖွယ်ရှိသည်။
မြောက်ကိုရီးယားနိုင်ငံ၏ မြို့တော် ပြုံယမ်းအနီးရှိ နေရာတစ်ခုမှ အရှေ့မြောက်ဘက်သို့ ပစ်ခတ်လိုက်သည့် တာတိုပဲ့ထိန်းဒုံးကျည်များဟု ယူဆရသော ပစ်ခတ်မှုများစွာကို ခြေရာခံမိခဲ့ကြောင်း တောင်ကိုရီးယား စစ်ဘက်ဆိုင်ရာ ပူးပေါင်းအကြီးအကဲများအဖွဲ့ ၏ ကြေညာချက်တွင် ဖော်ပြထားသည်။
ဂျပန်နိုင်ငံ၏ ဝန်ကြီးချုပ်အသစ် ဆနာအဲ တာကာအီချိက မြောက်ကိုရီးယား၏ ဒုံးကျည်ပစ်ခတ်မှုသည် ဂျပန်နိုင်ငံ၏ လုံခြုံရေးအပေါ် သက်ရောက်မှုမရှိကြောင်း ပြောကြားခဲ့သည်။
မြောက်ကိုရီးယားသည် ယခုလအတွင်း တရုတ်ဝန်ကြီးချုပ် တက်ရောက်သည့် စစ်ရေးပြအခမ်းအနားတွင် ၎င်း၏ နောက်ဆုံးပေါ် တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်ကို ပြသခဲ့သည်။
