ပစ္စည်းခိုးယူသူ နှင့် ကလေးငယ်ကို နှိပ်စက်ခဲ့သည့် အမျိုးသမီး အမှုများစွာရင်ဆိုင်ရမည့် အခြေအနေဖြင့် ရင်ဆိုင်နေရ

လူမှုကွန်ရက်စာမျက်နှာ၌ ပစ္စည်းခိုးယူသူ သက်ကြီးပိုင်း အမျိုးသမီးတစ်ဦးနှင့် ၎င်းနှင့်အတူ ပါလာသည့် ကလေးငယ်ကို နှိပ်စက်ခဲ့သည့် အမျိုးသမီးကို မေးမြန်းမှုများ ပြုလုပ်ရန်ရှိသည်ဟုဆိုကာ စစ်ကော်မရှင်လက်အောက်ခံ ရဲများက ယမန်နေ့ (အောက်တို ဘာ ၂၁)ရက်တွင် ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၂၀ရက် ညပိုင်းက Tik Tok လူမှုကွန်ရက်စာမျက်နှာ၌ ကလေးချီထားသည့် ပစ္စည်းခိုးယူသူ အမျိုးသမီးကို ဆိုင်ပိုင်ရှင် အမျိုးသမီးနှင့် ဝန်ထမ်းအချို့က ရိုက်နှက်ခြင်း၊ လမ်းဘေးဓာတ်တိုင်တွင် ကြိုးဖြင့် ချည်နှောင်မှုများ ပြုလုပ်ခဲ့မှုကို လူအများက ဝေဖန်မှုများပြုလုပ်ခဲ့သည်။

ထိုကဲ့သို့ ပြုလုပ်ပြီးနောက် လူအများစုက ပစ္စည်းခိုးယူသူကို အပြစ်မမြင်ဘဲ ရိုက်နှက်နှိပ်စက်မှုများပြုလုပ်ခဲ့သည့် ဆိုင်ရှင်အမျိုးသမီးနှင့် ဝန်ထမ်းများကိုဝေဖန်မှုများ ထွက်ပေါ်ခဲ့ခြင်းကြောင့် ရဲနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဖမ်းဆီးမှုများပြုလုပ်ပြီး အမှုများစွာ ဖြင့် တရားစွဲဆိုရန် ပြင်ဆင်နေခြင်းဖြစ်ကြောင်း သိရသည်။

“ကလေးသူငယ် ညှင်းပန်းနှိပ်စက်မှုအပြင် ရိုက်နှက်မှုတွေအပြင် အခြားအမှုတွေနဲ့ သက်ဆိုင်ရာကော လိုက်ကူပေးနေတဲ့သူတွေကပါ တရားစွဲဖို့ ပြင်ဆင်နေတယ်” ဟု ယင်းဖြစ်စဉ်ကို လိုက်ပါ ကူညီပေးနေသူတစ်ဦးကပြောသည်။

ယခုကဲ့သို့ ပစ္စည်းခိုးယူသူကို ရဲစခန်းအပ်နှံမှု မပြုလုပ်ဘဲ မိမိသဘောဖြင့် ရိုက်နှက် ၊ နှိပ်စက်မှုများကို ရုပ်သံရိုက်ကူးခြင်းသည် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်နိုင်သည့်အပြင် ကမ္ဘာ့ကုလသမဂ္ဂ ကလေးသူငယ် အခွင့်အရေး သဘောတူညီချက်များကို ကျူးလွန်သည့် အဖြစ်သို့ရောက်ရှိသွားကြောင်း ရှေ့နေတစ်ဦးက ထောက်ပြသည်။

“အခုက ခိုးသူက ခိုးတဲ့ ပြစ်မှုဘဲ ခံရမှာ၊ ရိုက်နှက်တဲ့သူက ဂုဏ်သိက္ခာထိပါးမှု၊ ပြင်းထန်ဒဏ်ရာရစေမှု၊ ဆက်သွယ်ရေးဥပဒေပုဒ်မတွေ၊ ကလေးသူငယ်ညှင်းပန်းနှိပ်စက်မှုတွေနဲ့ပါ အရေးယူခံရနိုင်တဲ့ အဖြစ်ရောက်သွားတယ်” ဟု ရှေ့နေတစ်ဦးက သုံးသပ်သည်။

လက်ရှိ ခိုးယူသူထက် ရိုက်နှက်သူကို ပြစ်ဒဏ်ပေးရန် ပြည်သူများက တောင်းဆိုမှုများရှိသလို သူခိုးကို သနားနေသည်ဟုဆိုကာ ပြန်လည် ထောက်ပြမှုများလည်းရှိနေသည်။

အဆိုပါ ဖြစ်စဉ်သည် လှိုင်သာယာမြို့နယ်၊ ဗိုလ်ချုပ်လမ်းမပေါ်ရှိ တွယ်တာသူ အထည်နှင့်စတိုးဆိုင်၌ ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ရိုက်နှက်သူသည် တွယ်တာသူအထည်နှင့် စတိုးဆိုင်ပိုင်ရှင်ဖြစ်ကြောင်း သိရသည်။

ရိုက်နှက်ခံရသူ အမျိုးသမီးမှာ လှိုင်သာယာမြို့နယ်တွင် နေထိုင်သည့် ကလေးနှစ်ဦး မိခင်ဖြစ်ပြီး မိသားစုစားဝတ် နေရေးအတွက် တောင်းရမ်းစားသောက်နေသူဖြစ်ကာ ပါလာသည့်ကလေးငယ်၏ မိခင်အရင်းမဟုတ်ဘဲ အဒေါ်တော်စပ်သူဖြစ်သည်။

ပစ္စည်းခိုးယူသည် အမျိုးသမီးကို မည်ကဲ့သို့ အရေးယူမည်နည်းနှင့် ရိုက်နှက်သူအား မည်ကဲ့သို့ အရေးယူမည်ကို ပြည်သူအများ စိတ်ဝင်စားနေကြပြီး ယင်းကိစ္စနှင့် ပတ်သက်၍ ကလေးငယ်ကို ကူညီစောင့်ရှောက်မှုများပြုမည်ဟုဆိုကာ Poverty porn ဆောင်ရွက်မည်သူများလည်း အများအပြားရှိနေသည်။

စာတည်း-ကိုဆန်း