မြန်မာပြည်သူတို့၏ မျှော်မှန်းချက် ငြိမ်းချမ်းသော ဒီမိုကရေစီအနာဂတ်အတွက် ယူကေအစိုးရအနေ နှင့် မည်သို့ အကောင်းဆုံးပံ့ပိုးပေးနိုင်မလဲဆိုသည်ကို ပိုမိုသိရှိအောင် လေ့လာသွားမည်ဟု ဗြိတိ သျှသံရုံးအကြီးအကဲ Mr. Andrew Jackson ကပြောကြားလိုက်သည်။
ဗြိတိသျှသံရုံး-ရန်ကုန်၏ သံရုံးအကြီးအကဲအဖြစ် Mr. Andrew Jackson စတင်တာဝန်ထမ်းဆောင်ခဲ့သည့် ၂လခန့်အတွင်း ၎င်း၏ အတွေ့အကြုံများနှင့် မြန်မာနိုင်ငံအပေါ် ထားရှိသည့် ယူကေအစိုးရ၏ ကတိကဝတ်များကို ယနေ့(အောက်တိုဘာ၂၂ရက်)ညတွင် ဗီဒီယိုဖိုင် ထုတ်လွှတ်ကာ ပြောကြားခဲ့ရာ၌ အထက်ပါအတိုင်း ထည့်သွင်းပြောသည်။
“ယူကေအစိုးရအနေနဲ့ မြန်မာနိုင်ငံအတွင်း မည်သည့်ဒေသမှာမဆို ဖြစ်ပေါ်တဲ့ လူ့အခွင့်အရေးချိုး ဖောက်မှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့ ကတိကဝတ်ပြုထားပါတယ်”ဟု ၎င်းက ပြောသည်။
ယူကေအစိုးရ၏ မြန်မာနိုင်ငံသားများအပေါ် ထားရှိသည့် ကတိကဝတ်များသည် ဆက်လက်ခိုင်မာ နေဆဲဖြစ်ကြောင်းနှင့် ကလေးငယ်များအပါအဝင် အရပ်သားပြည်သူများအပေါ် လေကြောင်းတိုက် ခိုက်မှုများသည် အင်မတန်ကြောက်မက်ဖွယ်ဖြစ်ပြီး လုံးဝရှောင်ရှားရမည့်လုပ်ရပ်မျိုးဖြစ်ကြောင်း လည်းဆိုသည်။
“ယူကေအစိုးရအနေနဲ့ ၎င်းတိုက်ခိုက်မှုတွေကို ရှုတ်ချပါတယ်။မြန်မာနိုင်ငံက လူ့အခွင့်အရေးချိုး ဖောက်ကျူးလွန်မှုများအားလုံးအတွက် တာဝန်ခံမှုရှိစေဖို့ ဆက်လက်တိုက်တွန်းသွားမှာဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
ယခုလိုခက်ခဲသည့်အချိန်ကာလမျိုးတွင် မြန်မာနိုင်ငံသားတို့၏ ကြံ့ကြံ့ခံနိုင်ရည်စွမ်းကို အံ့ဩလေးစား ရကြောင်းလည်း Mr. Andrew Jackson ကဆိုသည်။
စာတည်း-ML
