မွန်ဝန်ကြီးချုပ်၏ ထူးချွန်သော အရည်အချင်းမှာ ဒေသတွင်း လောင်းကစား ဇာတ်သွင်းနိုင်ခြင်းဟုဆို

တရားမဝင်ရွေးကောက်ပွဲအပြီးတွင် မွန်ဝန်ကြီးချုပ်ဆက်ဖြစ်မည်ဟု သတင်းကြီးနေသော အောင် ကြည်သိန်း၏ သူမတူအောင် ထူးချွန်သော အရည်အချင်းမှာ ဒေသတွင်း လောင်းကစားဇာတ်သွင်း နိုင်ခြင်းပင် ဖြစ်ကြောင်း သိရသည်။

အာဏာသိမ်းပြီးချိန်မှစ၍ မင်းအောင်လှိုင်ခန့်၍ မွန်ဝန်ကြီးချုပ်ဖြစ်လာသော အောင်ကြည်သိန်းသည် ဝန်ကြီးချုပ်သက်တမ်း၄နှစ်ကျော်လာပြီဖြစ်သော်လည်း ၎င်း၏ လုပ်ဆောင်ချက်ကြောင့် ဒေသတွင်း ဖွံ့ဖြိုးလာသည်ဟု ထုတ်နှုတ်ဖော်ပြစရာ မရှိသော်လည်း အဂတိလိုက်စားရာ၌ တစ်ဖက်ကမ်းခတ် ကျွမ်းကျင်ကြောင်း မော်လမြိုင်သားတိုင်း သိကြသည်ဟု မော်လမြိုင်ခံ လူမှုကူညီရေးသမားတစ်ဦးက ဆိုသည်။

“၄နှစ်ကျော်သက်တမ်းအတွင်းမှာ အောင်ကြည်သိန်းရဲ့ အောင်မြင်မှုကို ပြပါဆိုရင်တော့ မွန်ပြည်နယ် ရဲ့ မြို့တော် မော်လမြိုင်ကို လောင်းကစားမြို့တော်အဖြစ် တည်ဆောက်ပြနိုင်တာပဲ”ဟု ၎င်းက MPA သို့ပြောသည်။

မွန်ပြည်နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဌလည်းဖြစ်သူ အောင်ကြည်သိန်းသည် ၎င်း၏ ဇာတိဖြစ်သော ချောင်းဆုံမြို့နယ်ကိုပင်မချန် လောင်းကစားဇာတ်သွင်းကာ ဖျက်ဆီးခဲ့ပြီး ယခု စစ်ကော်မရှင်ပြုလုပ် မည့် တရားမဝင်ရွေးကောက်ပွဲတွင် ချောင်းဆုံမြို့ နယ်မဲဆန္ဒနယ်( မဲအများဆုံးရသူအနိုင်ယူစနစ်)မှ ပြည်ခိုင်ဖြိုးပါတီအမတ်လောင်းအဖြစ် ဝင်ရောက်ဦးမည်ဖြစ်ကြောင်း ချောင်းဆုံမြို့နယ်၊ကလွီရွာသား တစ်ဦးကဆိုသည်။

“ကောင်းရောင်းကောင်းဝယ် လုပ်ကိုင်စားသောက်နေကြတဲ့ ချောင်းဆုံသားတွေအားလုံးက အောင် ကြည်သိန်းဆိုရင် နိုး(No)ပဲ။ချောင်းဆုံမှာ လောင်းကစားဝိုင်းစလုပ်တယ်။ချောင်းဆုံတစ်မြို့နယ်လုံး လောင်းကစားကြောင့် ဖြူကာပြာကာကျတော့မှ မော်လမြိုင်မြို့ပေါ် လောင်းကစားဝိုင်း ထပ်ရွှေ့ တယ်။အခုဆို မော်လမြိုင်မြို့ပေါ်မှာ ဘာသာရေးအကြောင်းပြပြီး ဇာတ်ပွဲသွင်းပြီး လောင်းကစားဝိုင်း ပေါ်တင်လုပ်နေတာ နှစ်ပေါက်နေပြီ။လောင်းကစားဝိုင်းကနေ အောင်ကြည်သိန်းတို့က လိုင်းကြေးရ တယ်”ဟု ၎င်းက MPAသို့ပြောသည်။

အောင်ကြည်သိန်းသည် ၎င်း၏ ဇာတိရွာဖြစ်သော ချောင်းဆုံမြို့နယ်၊ကွမ်ရိုက်ရွာပင်မချန်ဘဲ ဇာတ်ပွဲ သွင်းကာ လောင်းကစားဝိုင်းခင်းခြင်းအမှုကို ကျူးလွန်ခဲ့သူဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ချောင်းဆုံဆိုတာ သူ့ဇာတ်မြို့ဖြစ်ပေမဲ့ အောင်ကြည်သိန်းလုပ်ပေးခဲ့တာ ဒီ၄နှစ်ကျော်မှာ ဘာမှ မယ် မယ်ရရမရှိဘူး။သူလုပ်ပေးခဲ့တာ လောင်းကစားဝိုင်းဖွင့်ပေးတာပဲရှိတယ်။ချောင်းဆုံသားတွေလည်း မမေ့ပါဘူး။တစ်ချိန်မှာ အောင်ကြည်သိန်းနဲ့အပေါင်းအပါတွေက တရားစွဲပြီး ကြိုးစင်ပေါ်ပို့မှာပါ”ဟု အဝေးရောက်ချောင်းဆုံမြို့သားတစ်ဦးက ဆိုသည်။

မွန်ပြည်နယ်အတွင်းရှိ မော်လမြိုင်၊ချောင်းဆုံနှင့် ကျိုက်မရောတို့တွင် လောင်းကစားဝိုင်းများကို ဥပဒေစိုးမိုးမှုအားနည်းသော နယ်စပ်မြို့များပမာ တရားဝင်ပြုလုပ်လျက်ရှိသည်။

မွန်ပြည်နယ်အတွင်း ရွေးကောက်ပွဲအပိုင်း၁ ဝင်ရန် မင်းအောင်လှိုင်က တိုက်ရိုက်စေလွှတ်လိုက်သူ များထဲတွင် ဝန်ကြီးချုပ်အဆင့် မှန်းနိုင်သည့် အငြိမ်းစား ဗိုလ်ချုပ်အဆင့်များ မပါခြင်းနှင့် လက်ရှိ စစ်ကော်မရှင်ခန့် မွန်ပြည်နယ်ဝန်ကြီးချုပ် အောင်ကြည်သိန်း ချောင်းဆုံမြို့နယ်ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်၍ အောင်ကြည်သိန်းသာလျှင် မွန်ဝန်ကြီး ချုပ်ဆက်ဖြစ်မည်ဟု သတင်းကြီးနေကာ အောင်ကြည်သိန်းနှင့်ပေါင်း၍ တရားမဝင်စီးပွားရှာစားနေ သည့် ရာဇဝတ်ဂိုဏ်းသား လုပ်ငန်းရှင်များ အောက်တိုဘာလကုန်ပိုင်းက မော်လမြိုင်၌ အောင်ပွဲခံနေကြကြောင်း ပြည်နယ်အစိုးရ အဖွဲ့ရုံးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

မွန်ပြည်နယ်အတွင်း ရွေးကောက်ပွဲအပိုင်း၁ကို ကျိုက်ထို၊ကျိုက်မရော၊ ချောင်းဆုံ၊မော်လ မြိုင်နှင့် သထုံမြို့နယ်တို့တွင် ဒီဇင်ဘာ၂၈ရက်၌ ပြုလုပ်သွားမည်ဟု တရားမဝင်ရွေးကောက်ပွဲကော်မရှင်က ဆိုသည်။

စာတည်း-ML