စစ်တပ်အာဏာသိမ်းပြီးနောက် လူမစုံတော့သည့် Idiots Band သည် လာမည့် ဖျော်ဖြေပွဲအပြီး အကန့်အသတ်မရှိ ရပ်နားမည် ဖြစ်သော်လည်း ကွယ်လွန်သူ အဆိုတော် ရေမွန် အသံဖြင့် နောက်ဆုံး တေးစီးရီး ထွက်ရန်ရှိနေကြောင်း ဒရမ်မာ ကိုဂျပန်က MPA သို့ ပြောသည်။
Idiots Band သည် အောက်တိုဘာ ၂၅ ရက်တွင် ရန်ကုန်မြို့၌ နှုတ်ဆက်ဖျော်ဖြေပွဲ ပြုလုပ်ရန်ရှိနေခြင်း ဖြစ်ပြီး အဆိုပါ ဖျော်ဖြေပွဲ အပြီးတွင် Band အား အကန့်အသတ်မရှိ ရပ်နားမည်ဟု သိရသည်။
ထိုသို့ရပ်နားရခြင်းမှာ စစ်တပ်အာဏာသိမ်းပြီးနောက် လူမစုံတော့ခြင်းနှင့် တတိယမြောက် တေးစီးရီး ထွက်ရှိရန် အားစိုက်လုပ်ဆောင်ရန် လိုအပ်ခြင်းကြောင့်ဖြစ်သည်ဟု ဒရမ်မာ ကိုဂျပန်က ပြောသည်။
“အကန့်အသတ်မရှိနားတာပေါ့၊ လူလဲမစုံကြတော့တာရယ် တတိယအခွေထွက်ဖို့အားစိုက်ရဦးမှာရယ်ကြောင့်ပါ၊ တတိယအခွေကလဲပြီးနေပါပြီထွက်ဖို့ လုပ်စရာတွေကျန်နေသေးတယ်ပေါ့”ဟု ဒရမ်မာ ကိုဂျပန်က ပြောသည်။
စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်သဖြင့် Idiots Band၏ ပင်တိုင်တေးသံရှင် ရေမွန်(တွတ်ပီ)သည် ပုဒ်မ ၅၀၅(က)ဖြင့် ဖမ်းဝရမ်းထုတ်ခံခဲ့ရပြီး ၂၀၂၁ခုနှစ် ဇွန် ၂၃ ရက်တွင် လွတ်မြောက်နယ်မြေ တစ်နေရာ၌ ကြွေလွင့်ခဲ့ရသည်။
အလားတူ ဒရမ်မာ ကိုဂျပန်သည်လည်း စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်သဖြင့် ယခုချိန်ထိ ပြည်တွင်းသို့ ပြန်လာနိုင်ခြင်း မရှိသေးဘဲ Idiots Band သည် ပြည်တွင်း၌ ကျန်ခဲ့သော လိဒ် ဂစ်တာသမား ဖိုးလုံးနှင့် ဘေ့စ်ဂစ်တာသမား အောင်ရဲတို့ဖြင့် လူမစုံ ဖြစ်နေရခြင်း ဖြစ်သည်။
” ကိုတွတ်(ရေမွန်)လည်း မရှိ၊ ဦးပန်( ဂျပန်) ကလည်း မရှိနဲ့ ကျတော်တို့ ချစ်တဲ့ Idiots အဖွဲ့ကြီးကတော့ စစ်အာဏာရူးတွေကြောင့် ပျက်ခဲ့ရပြီပေါ့ဗျာ။ ကိုတွတ် အကြောင်း ပြောရင် အခုထိ မျက်ရည်ဝဲတယ်။ တစ်ချိန်ချိန်တော့ Linkin Park လိုမျိုး Idiots လည်း ပြန်လာနိုင်ပါစေလို့ ဆုတောင်းနေပါတယ်” ဟု Idiots Band ၏ အမာခံ ပရိသတ်တစ်ဦးက ပြောသည်။
Idiots Band သည် ၄င်းတို့၏ ပင်တိုင် အဆိုတော် ရေမွန် ၏ နောက်ဆုံး သီဆိုမှုများဖြင့် တတိယမြောက် “အတက်” တေးစီးရီးအား ၂၀၂၄ ခုနှစ်တွင် ထုတ်နိုင်ရန် ကြေညာထားခဲ့သော်လည်း လူမစုံသဖြင့် ကြန့်ကြာနေခဲ့ရသည်ဟု သိရသည်။
အဆိုပါ တေးစီးရီး မထွက်မီ လာမည့် အောက်တိုဘာ ၂၅ ရက်တွင် Idiots Band သည် ပြည်တွင်း၌ ကျန်ခဲ့သော အဖွဲ့သား နှစ်ဦး နှင့် အခြား ကူညီပေးမည့် ဂီတသမားများ ပေါင်းစုကာ အဖွဲ့၏ နှုတ်ဆက်ဂီတဖျော်ဖြေပွဲကို ပြုလုပ်မည်ဖြစ်သည်။
“အမြဲတမ်း idiots နဲ့အတူရှိပေးခဲ့ idiots ကိုအားပေးချစ်ခင်ခဲ့ကြတဲ့ပရိသတ်တစ်ယောက်ချင်းကို ရင်ထဲကလှိုက်လှိုက်လှဲလှဲတန်ဖိုးထားချစ်ခင်ပါတယ်။ အခုလိုအကန့်အသတ်မရှိနားဖို့ နှုတ်ဆက်ပွဲလုပ်ဖြစ်တာကိုလဲစိတ်မကောင်းအရမ်းဖြစ်ရပါတယ်။ ဒါကိုလဲပရိသတ်တွေအနေနဲ့နားလည်လိမ့်မယ်လို့ထင်ပါတယ် တစ်ချိန်ပြန်လာနိုင်မယ်လို့မျော်လင့်ရင်း။ Idiots ရဲ့Raymond အသံပါတဲ့နောက်ဆုံး album လေးကိုစောင့်မျော်အားပေးကြပါလို့ပန်ကြားရင်း Idiots ကိုယ်စားတလေးတစားပြောကြားလိုက်ပါတယ်ဗျာ” ဟု ဒရမ်မာ ကိုဂျပန်က ပြောသည်။
Idiots Band သည် ၂၀၀၆ခုနှစ်က ထွက်ရှိခဲ့သည့် အဖွဲ့များစွာ ပါဝင်သော ပွဲတော် တေးစီးရီး၌ အခြား Rock Band တစ်ခု ဖြစ်သည့် Wanted Band နှင့်အတူ မြန်မာပြည် Rockပရိသတ်များအကြား နာမည်ကျော်ကြားလာခဲ့သည့် Band တစ်ခု ဖြစ်သည်။
Idiots Band သည် “လူအဂီတ” နှင့် “ခေတ်သစ်ကျောက်” ဟူသည့် တေးစီးရီး နှစ်ခု ထွက်ရှိထားခဲ့ပြီး တတိယမြောက် “အတက်” တေးစီးရီး ထွက်ရှိရန် ရှိနေခြင်း ဖြစ်သည်။
စာတည်း-ကိုဆန်း
