ရာဇဝတ်စစ်အုပ်စုကို တရားဝင်မှု လုံးဝမပေးရန် သံအမတ်ကြီး တောင်းဆို၊ကမ္ဘာ့စားနပ်ရိက္ခာ မဖူလုံမှု နံပါတ်၅ အဆင့်သို့ မြန်မာ ရောက်ရှိ

ရာဇဝတ်မှုများ ကျူးလွန်နေသည့် စစ်အုပ်စုကို မည်သည့် တရားဝင်မှုမျှ ပေးအပ်ခြင်း မပြုရန် နိုင်ငံတကာအသိုက်အဝန်းအား သံအမတ်ကြီးက တောင်းဆိုလိုက်သည်။

စစ်အုပ်စု ပြင်ဆင်နေသည့် အတုအယောင် ရွေးကောက်ပွဲကို လက်မခံရန်၊ စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲကို အားလုံးစုပေါင်း၍ ညီညီညွတ်ညွတ် ကန့်ကွက်ကြရန်နှင့်
နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် အာဏာရှင်စနစ် တိုက်ထုတ်နေမှုအတွက် ခိုင်ခိုင်မာမာ ပံ့ပိုးကူညီပေးကြပါရန် အောက်တိုဘာ၂၂ရက်၊ကုလသမဂ္ဂ၌ ကျင်းပသည့် အလွန်အမင်း ဆင်းရဲနွမ်းပါးမှုနှင့် လူ့အခွင့်အရေးခေါင်းစဉ်ဖြင့် အပြန်အလှန်ဆွေးနွေးပွဲတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပါဝင်ဆွေးနွေးစဉ် တောင်းဆိုခဲ့ခြင်းဖြစ်သည်။

“စစ်အုပ်စုကို တရားဝင်မှုမပေးရုံတင်မကဘူး။မြန်မာ့နွေဦးကို လက်တွေ့ကျတဲ့ ကူညီမှုတွေ ပေးဖို့ လိုတယ်။အဲဒီလောက်ထိ မလုပ်ပေးနိုင်ရင်လည်း စစ်ဘေးဒုက္ခသည်တွေလက်ထဲ ကျိန်းသေပေါက် ရောက်မယ့်နည်းလမ်းတွေနဲ့ စာနာမှုအကူအညီတွေ ပေးဖို့လိုပါမယ်”ဟု ရန်ကုန်အခြေစိုက် နိုင်ငံရေး ဆောင်းပါးရှင်တစ်ဦးက MPAသို့ ပြောသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းစေရေးနှင့် မြန်မာပြည်သူများအပေါ် စစ်အုပ်စု ကျူးလွန်နေသည့် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့်ရာဇ ဝတ် မှုများအတွက် တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရေး ဝိုင်းဝန်းကူညီပေးကြရန်လည်း သံအမတ်ကြီးက ဆိုသည်။

လက်ရှိတွင် မြန်မာနိုင်ငံရှိ လူဦးရေထက်ဝက်ကျော်မှာ ဆင်းရဲနွမ်းပါးမှုအတွင်းသို့ ကျရောက်နေပြီဖြစ် ကာ ၃ဒဿမ၆ သန်းသော ပြည်သူများမှာ ပြည်တွင်း နေရာအနှံ့အပြားသို့ နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေရပြီး ၂၂ သန်းခန့်မှာ လူသားချင်းစာနာမှု အကူအညီ အရေးတကြီး လိုအပ်လျက်ရှိ ကြောင်း၊တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လူဦးရေ၏ ရာခိုင်နှုန်း၃၀မှာ စားနပ်ရိက္ခာမဖူလုံမှုပြဿနာနှင့် ရင်ဆိုင်နေရပြီး ယင်းညွှန်းကိန်းအရ ကမ္ဘာ့စားနပ်ရိက္ခာ မဖူလုံသည့်နိုင်ငံများအနက် မြန်မာနိုင်ငံသည် အဆင့် ၅ ၌ ရှိနေသည်ဟု ဆိုနိုင်ကြောင်းလည်း သံအမတ်ကြီးက ဆိုသည်။

ဆက်လက်ပြီး သံအမတ်ကြီးက စစ်အုပ်စု၏ လက်ချက်ကြောင့် ဖြစ်ပေါ်လာသော ငတ်မွတ်ခေါင်းပါး မှုနှင့် ဆာလောင်မှုတို့ကြောင့် မြန်မာပြည်သူများ၊ အထူးသဖြင့် အမျိုးသမီးများ၊ မိန်းကလေးငယ်များ နှင့် လူငယ် လူရွယ်တို့မှာ အွန်လိုင်းလိမ်လည်လှည့်ဖြားမှု၊ လူနှင့် မူးယစ်ဆေးဝါးကုန်ကူးမှု စသည့် နယ်စပ်ဖြတ်ကျော်မှုခင်းများအတွက် လူကုန်ကူးခံရနိုင်သည့် အန္တရာယ် အလွန်မြင့်မားလျက်ရှိပြီး အချို့မှာ ယင်းရာဇဝတ်မှုများ၏ သားကောင်များပင် ဖြစ်နေပြီဟုလည်း ဆိုသည်။

စာတည်း-ML