ကရင်ပြည်နယ်၊ မြ၀တီမြို့တောင်ဘက်ရှိ KK Park ကျားဖြန့်ရုံများမှ ထွက်ပြေးလာသူများကို BGF က ရန်ကုန်နှင့် မန္တလေးမြို့များသို့ ပို့ဆောင်ပေးရန်စီစဉ်နေကြောင်း သတင်းရင်းမြစ်များထံမှ စုံစမ်းသိရှိရသည်။
ယမန်နေ့(အောက်တိုဘာ ၂၂ရက်) က KK Parkမှ ထွက်ပြေးလာသည့် ကျားဖြန့်လုပ်သားများသည် မြ၀တီမြို့တွင် ထောင်ချီရောက်ရှိခဲ့ပြီးနောက် ရန်ကုန်နှင့် မန္တလေးမြို့များသို့ တိမ်းရှောင်မည့်သူများအတွက် ကားငှားခသည် တစ်ဦးလျှင် ကျပ်သိန်းရာချီ ပေါက်စျေးရှိခဲ့ကြောင်း သိရသည်။
“ ညတွင်းချင်းကားတွေလိုက်ငှားနေတယ်။ ရန်ကုန်အရောက်ကို သိန်း ၂၀၀ လောက်ပေါက်သွားတယ်။ မနေ့ညက မြဝတီမှာတည်းခိုခန်းတွေအ ကုန်ပြည့်ကုန်တယ်။ ကားသမာတွေက အကုန်စျေး၁၀ဆလောက်တက်တောင်းကုန်တယ်။ “ဟု တရုတ်တစ်ဦးကို ရန်ကုန်သို့ ပို့ဆောင်ပေးရန် BGF ရဲဘော်တစ်ဦးက လိုက်လံစုံစမ်းနေသည်ကို မျက်မြင်တွေ့ရှိခဲ့သည့် ကားသမားတစ်ဦးက MPA ကိုပြောသည်။
ထိုကဲ့သို့ တရုတ် ကျားဖြန့်များကို မြ၀တီ-ရန်ကုန်၊ မြ၀တီ-မန္တလေးသို့ ပို့ဆောင်ပေးရန် BGF ရဲဘော်များက မြ၀တီမြို့အတွင်း ကားများလိုက်လံ ငှားရမ်းပေးနေခြင်းဖြစ်ပြီး ကားငှားရမ်းပေးသည့် BGF ရဲဘော်တစ်ဦးလျှင် ကျပ်သိန်း ၂၀ထိရရှိကြောင်း BGF အသိုင်းအ၀ိုင်းနှင့် နီးစပ်သူများထံမှ သိရသည်။
အောက်တိုဘာ ၁၉ရက်က စစ်ကော်မရှင်တပ်သည် KK Park ကို ဝင်ရောက်စီးနင်းခဲ့သည်ဟု ဝါဒဖြန့် ဓာတ်ပုံများကို လူမှုကွန်ရက်တွင် ဖြန့်ဝေခဲ့ပြီးနောက် အဆိုပါ ကျားဖြန့်လုပ်ငန်းခွင် တစ်ခုလုံးကိုပါ ထပ်မံ စီးနင်းမည်ဟု သတင်းများထွက်ပေါ်လာသည့်အတွက် ကျားဖြန့်ရုံများ၌ လုပ်ကိုင်နေသည့် တရုတ်၊ ထိုင်းနှင့် မြန်မာနိုင်ငံသားများသည် အောက်တိုဘာ ၂၂ရက် နံနက်ပိုင်းမှ စတင်ကာ ထွက်ပြေးမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ယခုကဲ့သို့ KK- Park မှ ထွက်ပြေးသူများသည် မြန်မာနိုင်ငံအပြင် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ကို သောင်ရင်းမြစ်ဖြတ်ကူးပြီး ထွက်ပြေးမှုများရှိခဲ့ရာ တရုတ်နိုင်ငံသား ၁၇၈ ဦးကို ထိုင်းစစ်တပ် ထိန်းသိမ်းခဲ့ကြောင်း ထိုင်းအာဏာပိုင်များ၏ ထုတ်ပြန်ချက်များအရသိရသည်။
စစ်ကော်မရှင်သည် KK-Park ကို ထပ်မံစီးနင်းမည့်သတင်းအား BGF ကိုပေးခဲ့သည့်အတွက် ကျားဖြန့်လုပ်ငန်းလုပ်ကိုင်သူနှင့် အလုပ်သမားများသည် ကြိုတင်တိမ်းရှောင်မှုများ ပြုလုပ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ဝေဖန်မှုများလည်းရှိနေသည်။
“မနေ့က နေ့လယ်ကတည်းက မြ၀တီမြို့ထဲမှာ ခရီးဆောင်အိတ်တွေနဲ့ ဟိုနေရာမှာ အယောက် ၃၀၊ ဒီနေရာမှာ အယောက် ၂၀ နဲ့နေရာတိုင်းလိုလိုတွေ့ရတယ်။ ည ၉နာရီခွဲ ၁၁လောက်ထိကို တည်းခိုခန်းတွေလိုက်စုံစမ်းနေတာ၊ ကားဂိတ်တွေမှာလဲ အများကြီးတွေ့တယ်” ဟု မြ၀တီမြို့ခံ တစ်ဦးက ပြောသည်။
လက်ရှိ ကျားဖြန့်လုပ်ကိုင်ခဲ့သူများကို ကူညီပေးနေသူများရှိသကဲ့သို့ ကျားဖြန့်လုပ်ကိုင်သူများသည် ပြည်သူများကို ဒုက္ခရောက်အောင် လုပ်ဆောင်ခဲ့သူများဖြစ်သည့်အတွက် ကူညီမှုများ မပေးသင့်ကြောင်း ထောက်ပြသူများလည်းရှိနေသည်။
ထို့ပြင် KK Park တွင် ကျားဖြန့်အဖြစ် အလုပ်လုပ်နေသည့် မြန်မာနိုင်ငံသားများသည် ထွက်ပြေးတိမ်းရှောင်ရာ၌ လုပ်ခလစာ ရရှိခဲ့ခြင်းမရှိဘဲ တရုတ်နိုင်ငံသား လုပ်ငန်းရှင်များက တစ်ပတ်ခန့်တိမ်းရှောင်ခိုင်းခြင်းသာဖြစ်ပြီး စစ်တပ်စီးနင်းမှုပြီးပါက လုပ်ခလစာပေးမည်ဟု ပြောကြားထားကြောင့် ကျားဖြန့်လုပ်ငန်းခွင်တွင်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားတစ်ဦးကရှင်းပြသည်။
စာတည်း-ကိုဆန်း
