စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်ပကဖ၏ စခန်းငယ်တစ်ခုကို အလစ်ဝင်တိုက်ရန်လာသည့် စစ်အုပ်စုဝင်များ မိုင်းဆွဲခံရပြီး ပြန်ဆုတ်ပြေးသွားကြောင်းသိရသည်။
အောက်တိုဘာ ၂၂ရက်၊ ည ၉နာရီခွဲခန့်တွင် ပကဖစခန်းငယ်တစ်ခုကို အလစ်ဝင်တိုက်ရန် ရေဦးမြို့ထဲမှလာသည့် အင်အား ၂၀ကျော်ပါ စစ်အုပ်စုဝင်များကို ရွာသစ်ရွာအနီး၌ မိုင်း၂လုံးတွဲ တစ်ပွိုင့်ဖြင့်တိုက်ခိုက်ခဲ့ကြောင်း ရေဦးမြို့နယ်ပကဖထံက သိရသည်။
” ခုကျနော်တို့ မိုင်းဆွဲတဲ့ ဒီဘက်နားလေးမှာ ကျနော်တို့ စခန်းငယ်ရှိတယ်။ အဲ့နေရာကို သူတို့ တခြားမြို့နယ်တွေမှာ လုပ်သလိုမျိုးပေါ့။ အလစ်သုတ်ဝင်တိုက်မယ့် ပုံစံမျိုးတက်လာတာ။ တခြားမြို့နယ်တွေမှာလည်း အဲ့လိုလုပ်တယ်လေ။ စခန်းငယ်လေးတွေကို ညအလစ်သုတ်ဝင်တာမျိုးလေ” ဟု ရေဦးမြို့နယ်ပကဖတာဝန်ခံက MPA သို့ပြောသည်။
ယင်းမိုင်းဆွဲတိုက်ခိုက်မှုသည် ညမှောင်ချိန်တွင်ဖြစ်သဖြင့် ထိခိုက်၊ သေဆုံးမှုကို မသိရှိသေးကြောင်း နှင့် မိုင်းဆွဲခံရပြီးမကြာမီ ကားများရောက်လာကာ မြို့တွင်းသို့ ပြန်ဆုတ်ပြေးသွားကြောင်းသိရသည်။
” ကျနော်တို့ အကုန်လုံးမှောင်နေပြီလည်းဖြစ်တာကိုး။ မိုင်းဆွဲပြီးတော့ ၁၀မိနစ်လောက်နေတော့ ကားတွေရောက်လာတာ။ ကားတွေရောက်လာပြီးတော့ နာရီဝက်လောက်နေတော့ အဲ့နားလေးမှာ ဘာသံ ဘာအရိပ်အရောင်မှ မကြားရတော့ဘူး”ဟု ၎င်းက ဆက်လက်ပြောသည်။
မိုင်းဆွဲခံရပြီးနောက် စစ်အုပ်စုဝင်များက လက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ်ခဲ့သော်လည်း PDFရဲဘော်များအထိအခိုက်မရှိကြောင်းသိရသည်။
မိုင်းဆွဲတိုက်ခိုက်ခဲ့သည့် ရွာသစ်ရွာအနီးနှင့် ရေဦးမြို့သည် မီတာ ၇၀၀ ဝန်းကျင်သာဝေးသည်။
ရေဦးမြို့ပေါ်ရှိ မြို့မရဲစခန်း၊ တိုင်းရင်းဆေးရုံ၊ ထွေအုပ်ရုံး၊ လဝကရုံး၊ ကြာဖူးဝိုင်းဂိတ်၊ ဂါဝီပန်းခြံ၊ ရေဦးတံတားထိပ်၊ ရွေကျီးမင်းဂိတ်နှင့် ဟိန်းဆီဆိုင်တို့တွင် စစ်အုပ်စုဝင်များဖြန့်ကျက်နေထိုင်ပြီး စုစုပေါင်း အင်အား ၂၅၀ ဝန်းကျင်ရှိသည်။
စာတည်း-ML
