ပဲခူးတိုင်း၊ ကြို့ပင်ကောက်၊ အုတ်ဖိုနှင့် စစ်ကွင်းမြို့ဂိတ်တို့တွင် လုံခြုံရေး လျှော့ထားဟန်ပြကာ စစ်သားများ အရပ်ဝတ်ဖြင့် ပုန်းအောင်းစောင့်ကြည့်နေကြောင်း သိရသည်။
အောက်တိုဘာ ၁၆ရက်မှစ၍ ယနေ့ ( အောက်တိုဘာ ၂၃ရက် ) အထိ ကြို့ပင်ကောက်၊ အုတ်ဖိုနှင့် စစ်ကွင်းမြို့အဝင်အထွက်ဂိတ်များတွင် စစ်သား ၂ယောက်သာ ဂိတ်စောင့်နေကြပြီး အခြားစစ်သားများက ယင်းဂိတ်များအနီးရှိ ပြည်သူ့နေအိမ်နှင့် ဈေးဆိုင်တို့၌ အရပ်ဝတ်ဖြင့် ပုန်းအောင်းနေကြောင်း သိရသည်။
” မြို့အဝင်အထွက်ဂိတ်တွေမှာ အင်အားနည်းတဲ့ပုံစံယူပြီး တစ်ယောက်စ၊ ၂ယောက်စပဲ ထိုင်နေတာ။ ကျန်တဲ့ကောင်တွေက အရပ်ဝတ်နဲ့ ဂိတ်နားက အိမ်တွေ၊ ဈေးဆိုင်တွေမှာ အင်အားချပြီး နေနေကြ တာ ” ဟု ဒေသခံသတင်းရင်းမြစ်က MPA ကို ပြောသည်။
အရပ်ဝတ်ဖြင့် ပုန်းအောင်းနေကြသည့် စစ်သားများမှာ ဂိတ်တစ်ဂိတ်အနီးတွင် ၁၀ဦးမှ ၁၅ဦးအထိ ရှိကြောင်း သိရသည်။
” ဖြတ်သွားဖြတ်လာတွေကို စစ်တာမျိုးလည်းမရှိဘူး။မထင်မရှားနေနေကြတာ။ လုံခြုံရေးလျှော့ထားတော့ PDF တွေဝင်တိုက်တဲ့အချိန်ကို အသင့်စောင့်နေတဲ့ပုံစံမျိုးပါ ” ဟု ၎င်းက ဆက်လက်ပြောသည်။
ကြို့ပင်ကောက်နှင့် အုတ်ဖိုမြို့တို့တွင် မြို့အဝင်အထွက်ဂိတ် ၅ဂိတ်မှ ၆ဂိတ်အထိ ရှိကြောင်း သိရသည်။
ကြို့ပင်ကောက်၊ အုတ်ဖိုနှင့် စစ်ကွင်းမြို့တို့သည် ရန်ကုန် – ပြည်ကားလမ်းပေါ်တွင် တည်ရှိသော မြို့များဖြစ်ကြသည်။
စစ်ကွင်းမြို့နှင့် ၇မိုင်ခန့်အကွာတွင် လက်ပံတန်းမြို့နယ်၊ သရက်ချောင်းကျေးရွာ တည်ရှိပြီး အောက်တိုဘာ ၁၅ရက်က ယင်းရွာ၌ PDFနှင့် စစ်တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ကာ စစ်သား ၁၅ဦးထက်မနည်းသေဆုံး၍ စစ်သုံ့ပန်းအဖြစ် ၁၂ဦး ဖမ်းဆီးရရှိခဲ့သေးသည်။
စာတည်း-ML
