မြောက်ကိုရီးယားက နောက်ဆုံး ဒုံးကျည်စမ်းသပ်မှုဟာ အသံထက်မြန်တဲ့လက်နက်စနစ်သစ်ကို ပြသခြင်းဖြစ်ကြောင်း ပြောကြား

AP

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က တောင်ကိုရီးယားရဲ့ ကာကွယ်ရေးစနစ်တွေကို ကျော်လွှားနိုင်ဖို့ လက်နက်တွေ ဆက်ပြီး တည်ဆောက်နေချိန်မှာ နောက်ဆုံး လုပ်ခဲ့တဲ့ ဒုံးကျည်စမ်းသပ်မှုတွေဟာ နျူကလီးယားတိုက်ခိုက်မှုတွေကို ဟန့်တားရေးကို ပိုအားကောင်းလာစေဖို့ ရည်ရွယ်တဲ့ အသံထက်မြန်တဲ့ စနစ် အသစ်ကို ပြသတာပဲလို့ မြောက်ကိုရီးယားက အောက်တိုဘာ ၂၃ ရက်နေ့မှာ ပြောပါတယ်။

တောင်ကိုရီးယား စစ်တပ်က မြောက်ကိုရီးယားဟာ မြို့တော် ပြုံယမ်း တောင်ဘက်ကနေ ဒုံးကျည်အများအပြား ပစ်လွှတ်တာကို စုံစမ်းထောက်လှမ်းတွေ့ရှိခဲ့ပြီး၊ အဲဒီဒုံးကျည်တွေဟာ အရှေ့မြောက်ဘက်ကို ၃၅၀ ကီလိုမီတာလောက် ပျံသန်းပြီး မြေပြင်ပေါ်ကို ကျရောက်ခဲ့တယ်လို့ ပြောပြီးနောက် တစ်ရက်အကြာမှာ မြောက်ကိုရီးယားရဲ့ KCNA သတင်းဌာနက အခုလိုသတင်းဖော်ပြခဲ့ခြင်းဖြစ်ပါတယ်။

ဒီစမ်းသပ်မှုတွေဟာ ကမ္ဘာ့ခေါင်းဆောင်တွေဖြစ်ကြတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရန့် နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင် တို့က ပြိုင်ဘက် တောင်ကိုရီးယားမှာ နှစ်စဉ်ကျင်းပမယ့် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အစည်းအဝေးအတွက် စုဝေးဖို့ ရက်ပိုင်းအလိုမှာ ဖြစ်လာတာပါ။

တောင်ကိုရီးယားမှာရှိတဲ့ အမေရိကန်တပ်ဖွဲ့ကတော့ မြောက်ကိုရီးယားရဲ့ ပဲ့ထိန်းဒုံးကျည်ပစ်လွှတ်မှုတွေကို သိရှိကြောင်း ကြေညာချက်မှာ ပြောထားပြီး၊ မြောက်ကိုရီးယားရဲ့ တာဝေးပစ်ဒုံးကျည်စွမ်းရည်တွေကို မနားမနေ ကြိုးပမ်းနေတာကို သိကြောင်းပြောပါတယ်။

မြောက်ကိုရီးယားအနေနဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ပိတ်ဆို့မှုတွေကို ချိုးဖောက်တဲ့ “တရားမဝင်ပြီး တည်ငြိမ်မှု ပျက်ပြားစေတဲ့ လုပ်ရပ်တွေ” ကို ရှောင်ကြဉ်ဖို့ တိုက်တွန်းခဲ့သလို၊ တောင်ကိုရီးယားနဲ့ မဟာမိတ်ဖြစ်မှုအပေါ် အမေရိကန်ရဲ့ ကတိကဝတ်ဟာ “ခိုင်မာနေဆဲ” လို့လည်း ထပ်ပြောခဲ့ပါတယ်။

KCNA ရဲ့ သတင်းဖော်ပြချက်မှာ ပစ်လွှတ်မှုတွေမှာ အသံထက်မြန်တဲ့ ပဲ့ထိန်းဒုံးကျည်နှစ်စင်း ပါဝင်ပြီး၊ နိုင်ငံရဲ့ မြောက်ပိုင်းဒေသရှိ မြေပြင်ပစ်မှတ်ကို တိတိကျကျ ထိမှန်ခဲ့တယ်လို့ ဆိုပါတယ်။ သူတို့က ဒီစနစ်ကို မဟာဗျူဟာမြောက်စနစ်လို့ ဖော်ပြထားတော့၊ ဒီဒုံးကျည်တွေဟာ နျူကလီးယား ထိပ်ဖူးတပ်ဆင်ဖို့ ဒီဇိုင်းထုတ်ထားတယ်လို့ ဆိုလိုတာပါ။

KCNA က စမ်းသပ်ခဲ့တဲ့ ဒုံးကျည်စနစ် နာမည်ကိုတော့ အတိအကျမပြောခဲ့ပါဘူး။ ဒီလအစောပိုင်း စစ်ရေးပြအခမ်းအနားတစ်ခုမှာ ကင်ဂျုံအွန်က သူရဲ့ စစ်တပ်ရဲ့ လက်နက်အသစ်တချို့ကို ထုတ်ဖော်ပြသခဲ့ပါတယ်။ အဲဒီထဲမှာ အသံထက်မြန်တဲ့ ယာဉ်အပိုင်းတွေ တပ်ဆင်ထားပုံရတဲ့ တာတို ပဲ့ထိန်းဒုံးကျည်စနစ်တစ်ခု ပါဝင်ခဲ့ပါတယ်။

မြောက်ကိုရီးယားဟာ မကြာသေးခင်နှစ်တွေအတွင်းမှာ အသံရဲ့ အလျင်ထက် ၅ဆကျော် ပျံသန်းနိုင်ဖို့ ဒီဇိုင်းထုတ်ထားတဲ့ အသံထက်မြန်တဲ့ လက်နက်တွေ တပ်ဆင်ထားတဲ့ အမျိုးမျိုးသော ဒုံးကျည်စနစ်တွေကို စမ်းသပ်နေခဲ့တာပါ။
အဲဒီလို လက်နက်တွေရဲ့ အမြန်နှုန်းနဲ့ ကွေ့ဝိုက်နိုင်စွမ်းဟာ ဒေသတွင်း ဒုံးကျည်ကာကွယ်ရေးစနစ်တွေကို ရှောင်ရှားဖို့ ရည်ရွယ်တာဖြစ်ပေမဲ့၊ ကျွမ်းကျင်သူတွေကတော့ စမ်းသပ်မှုတွေအတွင်း မြောက်ကိုရီးယားပြောတဲ့ အမြန်နှုန်းအတိုင်း အမြဲတမ်း ပျံသန်းနိုင်ခဲ့သလားဆိုတာကို မေးခွန်းထုတ်နေကြပါတယ်။

အောက်တိုဘာ ၁၀ ရက် စစ်ရေးပြပွဲမှာ ကင်ဂျုံအွန်က တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်အသစ် တစ်မျိုးကိုလည်း ထုတ်ဖော်ပြသခဲ့ပါတယ်။ နိုင်ငံပိုင်မီဒီယာတွေက ဒါကို နိုင်ငံရဲ့ အစွမ်းအထက်ဆုံး နျူကလီးယားလက်နက်အဖြစ် ဖော်ပြခဲ့ပြီး၊ အမေရိကန်ပြည်မကြီးအထိ ရောက်နိုင်တဲ့ လက်နက်စုဆောင်းမှုထဲ ထပ်တိုးလာတာ ဖြစ်ပါတယ်။

အောက်တိုဘာ ၂၂ ရက်က မြောက်ကိုရီးယားရဲ့ ပစ်လွှတ်မှုတွေဟာ ကိုရီးယားကျွန်းဆွယ်မှာ ငြိမ်းချမ်းရေး ပြန်လည်တည်ဆောက်မယ်လို့ ကတိပြုခဲ့တဲ့ တောင်ကိုရီးယား သမ္မတသစ် လီ ဂျယ်-မြောင် ရဲ့ အစိုးရလက်ထက် ဇွန်လမှာ စတင်ခဲ့ပြီးနောက်ပိုင်း မြောက်ကိုရီးယားရဲ့ ပထမဆုံး ပဲ့ထိန်းဒုံးကျည် စမ်းသပ်မှု ဖြစ်ပါတယ်။

ဒါပေမဲ့ ကင်ဂျုံအွန်ကတော့ လီရဲ့ ဆွေးနွေးဖို့ ကမ်းလှမ်းချက်ကို လက်ခံဖို့ ငြင်းဆိုနေပြီး၊ အမေရိကန်က မြောက်ကိုရီးယားကို နျူကလီးယား ဖျက်သိမ်းရေး ပန်းတိုင်ကို မစွန့်လွှတ်သရွေ့ အမေရိကန်နဲ့ သံတမန်ရေးကို ပြန်စမှာ မဟုတ်ဘူးလို့ ပြောထားပါတယ်။